ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, March 22, 2012

ရွှေရောင်တောက်ပဆဲ မြန်မာသံစဉ် သီချင်းများနှင့် ‘ရွှေဂန္တ၀င် ဂီတပွဲတော်’

e4514
မြန်မာသံစဉ် ဂီတဖျော်ဖြေပွဲ တစ်ခုကို ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့ကတော့ မြန်မာသံ နှစ်ခြိုက်သူများ အတွက် Bo Bo Entertainment က ‘ရွှေဂန္ထ၀င် ဂီတပွဲတော်’အဖြစ် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပခဲ့ပါတယ်။
ရွှေဂန္ထ၀င်ဂီတပွဲမှာ အလင်္ကာဝတ်ရည် မြန်မာမှုတေးဂီတအဖွဲ့နဲ့ အတူ ရွှေတံဆိပ်ဆုရှင် သီရီမောင်မောင် ဆိုင်းအဖွဲ့သားတွေကလည်း ၀ိုင်းဝန်း တီးခတ်ပေးခဲ့ကြပါတယ်။ အစီအစဉ် တင်ဆက်သူတွေအဖြစ် ကုသိုလ်နဲ့ အရိုင်းတို့က ပါဝင်ခဲ့ပါတယ်။
ဖျော်ဖြေပွဲကို လာရောက်သူ အများစုက အသက်ကြီးပိုင်းတွေ ဖြစ်ပေမယ့် လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေလည်း တော်တော်များများ လာကြည့်တာ တွေ့ရသလို လူအုပ်ကြားထဲက နိုင်ငံခြားသား နှစ်ယောက် သုံးယောက်လောက်ကိုလည်း တွေ့လိုက်ရပါသေးတယ်။
ပွဲစတင်စဉ်မှာ သီရီမောင်မောင် ဆိုင်းအဖွဲ့ရဲ့ ပဏာမ ဧည့်ခံတီးလုံးများ ကို နားဆင်ကြရပြီးနောက် ‘တစ်ခိုင်လုံးရွှေ’ တေးသွားများနဲ့အတူ အလင်္ကာဝတ်ရည်အကအဖွဲ့ရဲ့ မြန်မာမှုအက များကို ဆက်လက် တင်ဆက်ခဲ့ပါတယ်။
ဂီတဖျော်ဖြေမှုရဲ့အဖွင့်မှာ ရွှေပြည်အေး ရေးစပ်ခဲ့တဲ့ ‘ရတနာပုံ’ သီချင်းကို ကေတုဝင်းထွဋ်ရဲ့ သီဆိုမှုနဲ့ စတင်ခဲ့တယ်။  အဲဒီနောက် ‘အချိန် ရမှနားထောင်ပါ’ သီချင်းကိုသီဆိုခဲ့ပြီး ‘ တူးပို့ တူးပို့’ သင်္ကြန်သီချင်းကို မိုးယုစံရဲ့အကနဲ့ တင်ဆက်ခဲ့ပါတယ်။
ရွှေယမင်းဦးရဲ့ဖျော်ဖြေမှုမှာ ‘တိမ်ညို’ နဲ့ ‘ဇေယျာကမ်းအလှပန်းချီ’ သီချင်းတို့ သီဆိုခဲ့ပြီး ‘ငယ်ကျွမ်းဆွေ’လို့ ပရိသတ်များ သိထားကြတဲ့ ‘ပြန်လည် ဆုံတွေ့ရာဝယ်’သီချင်းကို မောင်သိန်းဝင်းနဲ့အတူ တွဲဖက် သီဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မောင်သိန်းဝင်းလို့ ရုပ်ရှင်လောကမှာ ပရိသတ်သိစေခဲ့တဲ့ ‘ မျက်လုံးချင်းစကားပြောနေပြီ’ သီချင်းကို သီဆိုခဲ့ပြီး ၁၉၇၄ ခုနှစ် က ဒါရိုက်တာ ဦးဝင်းဖေ ရိုက်ကူးတဲ့ ‘မပြိုသည့်မိုး’ ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ဇာတ်ဝင်တေးဖြစ်တဲ့ စန္ဒရားလှထွဋ် ရေးသားတဲ့ ‘မပြိုသည့်မိုး’ သီချင်းကို သီဆိုခဲ့ပါတယ်။
မောင်သိန်းဝင်းရဲ့ သီဆိုမှုအပြီး မှာ ယဉ်ဝေယံထွန်းက ‘ပန်းကြွေရာ ခြေရာကောက်’ကို သီဆိုခဲ့ကာ ဘိုကလေးတင့်အောင် ရေးစပ်ပြီး ဂီတလုလင်ဒေါက်တာကိုကိုရဲ့ တေးသွားတွေ ဖန်တီးထားတဲ့ ‘စကားဝါမြေ’ သီချင်းကို အလင်္ကာဝတ်ရည်အကအဖွဲ့နဲ့ အတူတင်ဆက်ခဲ့ပါတယ်။ ‘စကားဝါမြေ’ သီချင်း တင်ဆက်အပြီးမှာ ရာဇာဝင်းတင့်က ‘ဘာပဲလုပ်ရလုပ်ရ’ နဲ့ ’နွဲ့ဆိုး’သီချင်းနှစ်ပုဒ် သီဆိုခဲ့ပြီး ‘ညီမလေး’ သီချင်းကိုတော့ ခင်ညွန့်ရီနဲ့ အတူသီဆိုခဲ့ပါတယ်။
ခင်ညွန့်ရီရဲ့ဆက်လက် ဖျော်ဖြေမှုမှာ စင်မြင့်ဖျော်ဖြေပွဲတွေမှာ မကြားရတာ ကြာပြီဖြစ်တဲ့ ‘ဇာတိမာန်’ သီချင်းကို အားမာန်အပြည့်နဲ့ သီဆို ဖျော်ဖြေခဲ့ရာ ပရိသတ်များရဲ့သံပြိုင် လက်ခုပ်သံနဲ့အတူ အရွယ်စုံ ပရိသတ်များကလည်း ဆုများတက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။ ‘ဇာတိမာန်’ သီချင်း ဖျော်ဖြေမှု အပြီးမှာတော့ ဆရာဇော်ဂျီ ရဲ့ကဗျာကို စန္ဒရားချစ်ဆွေက သီချင်း အဖြစ် ဖန်တီးခဲ့တဲ့ အများက  ‘ပန်းပန်လျက်ပါ’လို့ သိထားကြတဲ့ ‘ဗေဒါလမ်း’ သီချင်းကို မိုးပြည့်ပြည့်မောင်ရဲ့ အကနဲ့အတူ တွဲဖက်ဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက် မိုးသက်နိုင်က သီချင်းသုံးပုဒ်နဲ့ ဖျော်ဖြေခဲ့ပြီး ချိုပြုံး ရဲ့ဖျော်ဖြေမှု အလှည့်မှာတော့ ‘မောင့်မူပိုင်ရှင်’နဲ့ ‘ချိုပြုံးလည်းလွမ်းနေရတယ်’သီချင်းတို့ကို သီဆိုခဲ့ပါတယ်။
သီချင်းနှစ်ပုဒ်ဆိုအပြီးမှာ ‘‘ကျွန်မ သီချင်းစဆိုစဉ်က အသက် ၁၃ နှစ်ပဲ ရှိသေးတာကြောင့် အချစ်သီချင်းတွေ ဆိုခွင့်မရခဲ့ပါဘူး။ မောင်ချစ်၊ နှမချစ်သီချင်းတွေနဲ့ သဘာဝအလှ ဘွဲ့သီချင်းတွေသာ ဆိုခဲ့ရပါတယ်’’ လို့ ပြောပြီး ငယ်စဉ်က ဆိုခဲ့တဲ့ပင်လယ် ရေလုပ်သားများဘ၀ကို ရေးစပ်ထား တဲ့ ချစ်စရာသီချင်းကို သီဆိုခဲ့ပါတယ်။ ချိုပြုံးရဲ့နောက်ဆုံး ဖျော်ဖြေမှု ကို အလင်္ကာဝတ်ရည် မောင်မောင်အေးနဲ့အတူ ‘ ပန်းပိတောက်ကိုချစ်တယ်’ သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။ မောင်မောင်အေးရဲ့ဆက်လက် ဖျော်ဖြေမှုမှာ ၁၉၃၀ ပြည့်နှစ်လောက်က ရွှေတိုင်ညွန့်ရေးခဲ့တဲ့ ‘ သုံးရောင်ခြယ်’ သီချင်းကို အကအဖွဲ့နဲ့အတူ တင်ဆက်ခဲ့ပြီး ‘ ချစ်သူနဲ့ပိတောက်’ သင်္ကြန်သီချင်းကို နန်းမြတ်ဖြိုးသင်းရဲ့အကနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မောင်မောင်အေးရဲ့ ဖျော်ဖြေမှုအပြီးမှာ အစီအစဉ်တင်ဆက်သူ နှစ်ဦးဖြစ်တဲ့ ကုသိုလ်နဲ့အရိုင်းတို့ နှစ် ယောက်ရဲ့ သင်္ကြန်သံချပ်တင်ဆက်မှုက ပရိသတ်ကိုပွဲကျစေခဲ့ပါတယ်။ အဲဒီနောက် ပန်းအိဖြူက သီချင်းသုံးပုဒ်ကို တစ်ကိုယ်တော် ဖျော်ဖြေခဲ့ပြီး ‘ဆွေပြမျိုးပြ’ သီချင်းကို ဖိုးသောကြာ နဲ့ တွဲဖက်သီဆိုခဲ့ပါတယ်။ ဖိုးသောကြာရဲ့အလှည့်မှာတော့ ‘မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း’ သီချင်းနဲ့ မြို့မငြိမ်း က သုမောင်အတွက် ရေးစပ်ပေးခဲ့တဲ့ ‘ဒစ္စကိုတောသားကြီး’ သီချင်းတို့ကို ဖျော်ဖြေခဲ့ပြီး ‘သင်္ကြန်မိုး’ သီချင်းကို နန်းမြတ်ဖြိုးသင်းရဲ့အကနဲ့ တင်ဆက်ခဲ့ပါတယ်။ အဲဒီနောက် ပရိသတ် တောင်းဆိုတဲ့ ‘နဂါးနီ’သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။ ဖိုးသောကြာ သီဆိုမှု အပြီးမှာ Sky Net ရဲ့ ကံစမ်းမဲ အစီအစဉ်ရွေးချယ်ခဲ့ပါတယ်။
ကံစမ်းမဲရွေးချယ်မှု အပြီးမှာ ထားက ‘မေတ္တာနုနုစေလိုသူ’ နဲ့ ‘မေတ္တာတရားဦးရှေ့မှာထား’ သီချင်းတို့ ကို ဖျော်ဖြေခဲ့ပါတယ်။ ထို့နောက် ရန်ပိုင်စိုးက ‘ခေတ်သစ်သူဌေးဝါဒ’ သီချင်းနှင့် ရွှေတိုင်ညွန့်ရဲ့ဖခင် လူရွှင်တော်ကြီး ဦးကြင်ခဲ ရေးစပ်ခဲ့တဲ့ ကရင်တိုင်းရင်းသားတို့ရဲ့ တောင်ယာလုပ်ငန်း အလှကို ဖွဲ့သီထားတဲ့ ‘တို့ယာတော’ သီချင်းကို ကရင်အကများနဲ့ တင်ဆက်ခဲ့ပါတယ်။ ယင်းနောက် ‘နွေမ’ သီချင်းကို မိုးယုစံရဲ့သင်္ကြန်အကနဲ့ ဖျော်ဖြေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အိအိချွန် က ‘ ဦးလေးကြီး’၊ ‘လုံးဝဥဿုန်’ သီချင်းနှစ်ပုဒ်ကို သီဆိုပြီး ‘ နှစ်သစ်ချစ်ဦး’သီချင်းကိုတော့ မိုးပြည့်ပြည့် မောင်ရဲ့အကနဲ့ အတူ ဖျော်ဖြေခဲ့ပါတယ်။ အိအိချွန်ရဲ့ ဖျော်ဖြေမှုအပြီးမှာ ပရိသတ်လက်ခုပ်သံများနဲ့အတူ စင်ပေါ်ရောက်ရှိသူက ဟသာင်္တထွန်း ရင်ပါ။ ‘အမေနဲ့ရွာကိုလွမ်းတယ်’၊ ‘မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်’၊ ‘စက္ကန့်လေးတွေ စိန်စီထားမယ်’ နဲ့ ‘ငယ်သူငယ်ချင်း စာဥ’ သီချင်းတို့ကို သီဆိုခဲ့တဲ့ ဟသာင်္တထွန်းရင်က ‘‘အခုချိန် မှာ အသံလွှင့်ဌာနတွေ ရှိလာပေမယ့် မြန်မာသံဂီတကို ဘယ်အချိန်မှာ လွှင့်လဲမသိဘူး’’ ဆိုတဲ့စကားအတွက် မြန်မာသံ ပရိသတ်များက လက်ခုပ်တီးကာ ထောက်ခံခဲ့ကြပါတယ်။ ‘ငယ်သူ ငယ်ချင်းစာဥ’ သီဆိုမှုအပြီးမှာ ပိုးအိစံရဲ့ ‘အရိန္ဒမာအသိဆုံးပါ’သီချင်းကို တင်ဆက်ခဲ့ပါတယ်။ အဲဒီနောက် ဗညားဟန်က ‘‘ မြန်မာပြည်ထဲမှာ မြန်မာသံသီချင်းတွေ ဆိုနေတဲ့ မြန်မာ အဆိုတော် တစ်ယောက်အနေနဲ့ အားငယ်ရပါတယ်’’လို့ သူ့ရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပြီး သီချင်း ၅ ပုဒ် သီဆိုခဲ့ပါတယ်။ ဗညားဟန်ရဲ့သီဆိုမှု အပြီးမှာ ပိုးအိစံက ပြန်လည်သီဆိုခဲ့ ရာ ‘ မမပုသိမ်သူ’ သီချင်းကို ပုသိမ်ထီးအက၊ ‘အကဲလေး’သီချင်းကို Little Uranium အဖွဲ့နဲ့တင် ဆက်ခဲ့ပါတယ်။ ပိုးအိစံကိုလာအားပေးတဲ့ ဖခင်ဖြစ်သူ အဆိုတော် သန်းထွန်းလေးကလည်း ပရိသတ်တောင်း ဆိုမှုကြောင့် ‘ ကျွန်တော့်မွေးဌာနီ’ သီချင်းကို သီဆိုခဲ့ပါသေးတယ်။ နောက်ဆုံး အစီအစဉ်ကို အနုပညာရှင်များရဲ့ ‘နှစ်သစ်ဆုတောင်း’ သီချင်းသီဆိုမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။

 မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်တွင် ၀င်ရောက် ရွေးချယ်ခံမည့် သူများ၏စာရင်းကို ထုတ်ပြန်ထားပြီး အဓိက သရုပ်ဆောင် အလွှာတွင် သရုပ်ဆောင်ကျော်သူ ၀င်ရောက်ယှဉ်ပြိုင်


e4513
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်တွင် အမှုဆောင်များအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံ မည့်သူများ၏ စာရင်းကို မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားခဲ့ပြီး အဓိက သရုပ်ဆောင်အလွှာ အနေဖြင့် သရုပ်ဆောင် ကျော်သူလည်း ၀င်ရောက်ယှဉ်ပြိုင်ရန် ပါဝင်သည် ဟု သတင်းရရှိသည်။
“ရုပ်ရှင် အစည်းအရုံး ပြန်လည် ဖွဲ့စည်းတော့မယ် ဆိုတာ သတင်းကြားတဲ့အချိန်မှာ ကျွန်တော့်အတွက် ကျေးဇူးမကင်းတဲ့ ရုပ်ရှင်လောကကို တိုးတက်စေလိုတဲ့ စေတနာနဲ့ ကျွန်တော့်မှာရှိတဲ့ လူမှုရေးစိတ်ဓာတ်၊ အနုပညာစိတ်ဓာတ်တွေနဲ့ ကျေးဇူးဆပ်လိုတာကြောင့် ပါဝင်ရွေးချယ်ခံဖို့ စိတ်ကူးဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဒီလောက အကျိုးတတ်စွမ်းသမျှ ဆောင်ရွက်ချင်တဲ့စိတ်နဲ့ လျှောက်ထားဖြစ်တာပါ” ဟု သရုပ်ဆောင် ကျော်သူ က ရှင်းပြခဲ့သည်။
အလွှာအလိုက် ၀င်ရောက်အရွေးချယ်ခံမည့် အနုပညာရှင်များမှာ ဒါရိုက်တာအလွှာတွင် ဒါရိုက်တာ မျိုးဇော်အောင်၊ ညွန့်မြန်မာ ညီညီအောင်၊ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ အိအိခိုင်၊ ဇော်မြင့်ဦး၊ ဦးသိန်းထွဋ်၊ အဏ်ထော်ဏီ၊ ညီညီထွန်းလွင်တို့ ဖြစ်ကြသည်။ ဇာတ်လမ်းဇာတ်ညွှန်း အလွှာတွင် မောင်ရွှေစွန်၊ ဒေါ်ယဉ်ယဉ်လဲ့၊ နေနော်၊ ဆုသြချယ်၊ အေးကြူလေး၊ နေစိုးသော်၊ ဦးငြိမ်းမင်းတို့မှ ၀င်ရောက် အရွေးချယ်ခံမည် ဖြစ်သည်။
အဓိက သရုပ်ဆောင်အလွှာတွင် မေသန်းနု၊ ဇင်ဝိုင်း၊ သန်းဝင်း၊ လူမင်း၊ပြေတီဦး၊ ဝေဠုကျော်၊ နေမျိုးအောင်၊ မေသဉ္ဇာဦး၊ ထွန်းအိန္ဒြာဗို၊ သန်းသန်းစိုး၊ ရန်အောင်၊ ကျော်သူ တို့ ပါဝင် အရွေးချယ်ခံမည် ဖြစ်သည်။ ဇာတ်ပို့ဇာတ်ရံ အလွှာတွင် မတူး၊ ကိုကိုဦး၊ အောင်ခိုင်၊ ကြူကြူသင်း၊ အရိုင်းမင်း၊ အောင်ဇော်၊ အရိုင်း၊ ခင်လှိုင်၊ ကျောက်ရိုင်း အောင်မြတ်၊ ဦးဝင်းထိုက်၊ ဦးကြူးမား၊ ဒေါ်သဇင်ထွန်း၊ ဦးနိုင်လူတို့ ပါဝင်မည်ဖြစ်ပြီး စက်မှုလက်မှု အခြေခံအလွှာတွင် ဦးတင့်ဆန်း၊ ငွေစိုး၊ မောင်လုံး၊ ကိုနီ၊ လှသိန်း၊ ကျော်ညွန့်၊ သားကျော်၊ ကိုကိုဌေး တို့က ရွေးချယ်ခံမည် ဖြစ်သည်။
အုပ်ချုပ်ဖြန့်ချိ ပြသအလွှာတွင် လှသိန်း၊ သန်းမြင့်ဦး၊ ဇော်မိုး ထွေး၊ ဌေးအောင်၊ မောင်မောင်၊ စိုးနိုင်၊ ကျော်ဦး၊ အောင်နိုင်၊ မောင်မောင်နိုင်၊  ဦးဇော်မင်း(မင်္ဂလာ) တို့ ပါဝင်မည် ဖြစ်သည်။ ထုတ်လုပ်သူ အလွှာတွင် ဒေါ်မင်းမင်းသက်၊ ဦးမျိုးဝင်း၊ ဦးဘုန်းမော်၊ ဦးကျော်ဝဏ္ဏတို့ ပါဝင်မည်ဖြစ်သည်။ ပြဇာတ်အလွှာတွင် ဦးခင်မောင်ချင်းနှင့် ဦးခင်မောင်ကြီး တို့ ရွေးချယ်ခံမည်ဖြစ်ပြီး ဗီဒီယို အခြေခံအလွှာတွင် ဦးဝင်းကို၊ ဦးစိုးမိုး၊ ဦးစိုးသိမ်း၊ ဒေါ်ကေခိုင်စိုး၊ ဦးပြူး၊ ဦးဝင်းထိုက်အောင်၊ ဦးမျိုးဇော်၊ ဦးကျော်လင်းထွန်း၊ ဦးဝင်းကြည်၊ ဦးမင်းအောင်ကျော်အေး၊ ဦးကျော်မြင့် တို့ ပါဝင်မည် ဖြစ်သည်။
သရုပ်ဆောင်ကျော်သူသည် ၁၉၈၄ ခုနှစ်တွင် ‘ချစ်ကြိုးလေးနှစ်မျှင်’ ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင် လောကအတွင်းသို့ စတင် ၀င်ရောက်ခဲ့သူ ဖြစ်သည်။ ၁၉၉၄ခုနှစ်တွင် ‘တစ်ပြည်သူမရွှေထား’ ရုပ်ရှင်ဇာတ်ကား နှင့် အမျိုးသား ဇာတ်ဆောင်ဆုကိုရ ရှိပြီးနောက် ၂၀၀၃ ခုနှစ်တွင် ‘အမေ့ နို့ဖိုး’ ရုပ်ရှင်ဇာတ်ကားနှင့် ဒါရိုက်တာထူးချွန်ဆု ရရှိထားသူဖြစ်သည်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှစတင်၍ ၎င်း၏ အနုပညာ လှုပ်ရှားမှုများအား ပိတ်ပင်ခံထားရသူ တစ်ဦးဖြစ်သည်။

 The One World Human Rights Film Festival တွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှ ဆုရဇာတ်ကားတို ငါးကား သွားရောက်ပြသ


e4512
The One World Human Rights Film Festivalတွင် လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ပွဲတော်မှ ဆုရဇာတ်ကားတိုငါးကားအား သွားရောက်ပြသခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ပွဲတော် အား ချက်သမ္မတနိုင်ငံ Prague မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဇာတ်ကားတိုများ ပါဝင်ပြသခဲ့ကာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ဖိတ်ခေါ်ပြသခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ဒီရုပ်ရှင်ပွဲတော်မှာ အဓိက ကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက human rights abuse  လုပ်ခံရတာနဲ့ ပတ်သက်တဲ့ ဇာတ်ကားတိုတွေ ပြသတာပါ။ မြန်မာနိုင်ငံကိုတော့ အဓိက က လေ့လာသူအဖြစ် ဖိတ်ပြီးတော့ ဒီရုပ်ရှင်ပွဲတော်မှာ ဆုရတဲ့ဇာတ်ကားတွေကို ကြည့်ခွင့်ရခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိနေတဲ့ အနေအထားတစ်ခု ကိုလည်း သူတို့က သိချင်လေ့လာချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖိတ်ကြားတယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာလည်း human rights နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပွဲတော်တစ်ခု ပြုလုပ်နိုင်ဖို့ ကြိုးစား သွားမယ်လို့ စိတ်ကူးထားတယ်”ဟု အဆိုပါ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ရှင်းပြခဲ့သည်။
‘The One World Human Rights Film Festival’ တွင် ပြသခဲ့သည့် ဇာတ်ကားတိုများမှာ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိခဲ့သည့် ဇာတ်ကားများ ဖြစ်ကြသော ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း ရိုက်ကူးသည့်’Unity&Freedom’၊ ဒါရိုက်တာ အောင်ဇော်မိုး ရိုက်ကူးသည့်’Still in Dark ‘၊ ဒါရိုက်တာဝိုင်း ရိုက်ကူး သည့်’Ban That Scene’၊ ဒါရိုက်တာ မင်းသိုက် ရိုက်ကူးသည့် ’ကြိုး’၊ ဒါရိုက်တာ စိုင်းကျော်ခိုင် ရိုက်ကူးသည့်’Click in Fear’ ဇာတ်ကားများ ဖြစ်သည်။

နှစ်သစ်ကူး သင်္ကြန်အတွက် နေရပ် ပြန်လာသူများပြားမှုနှင့်အတူ ယာဉ်တန်းအဆင်းနေ့တိုင်း မြ၀တီမြို့တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်


နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီးတွင် ယာဉ်တန်းအဆင်းနေ့ မတ်လ ၁၇ရက်နေ့ နံနက်ပိုင်းက ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိစဉ်
မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် နီးကပ်လာပြီဖြစ်၍ မြ၀တီမြို့မှ အပြန်ကားများတွင် မွေးရပ်မြေသို့ ပြန်လာသူများနှင့် ပြည့်သိပ်လျက်ရှိကြောင်း၊ မော်တော်ယာဉ်များအနေဖြင့် ခရီးသည်ရရှိရေးအတွက် ဆောင်ရွက်ကြသော် လည်း ဘုရင့်နောင်လမ်းတစ်လျှောက်နှင့် နှစ်နိုင်ငံချစ်ကြည် ရေး တံတားအနီးတို့တွင် ယာဉ်တန်း အဆင်းနေ့ နံနက်တိုင်း သုံးနာရီခန့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

''ဘုရင့်နောင်လမ်းဟာ ခြောက်လမ်းသွား လမ်းကျယ်ပါ။ ခရီးသည်နဲ့ ကုန်ပစ္စည်းလုခေါ်ရင်းနဲ့  အသွားအပြန် လမ်းမရှိအောင် ကားတွေနဲ့ ပြည့်ကုန်တာပါ။ လမ်းကျယ်တစ်ခုလုံး ကားတွေနဲ့ ပြည့်နေတော့ လမ်းသွား လမ်းလာကားတွေ ၊ ဆိုင်ကယ်တွေ၊ ခြေကျင် ခရီးသွားတွေအတွက် အန္တရာယ် အရမ်းများပါတယ်''ဟု ချစ်ကြည်ရေးတံတားအနီး နေသူတစ်ဦးက ပြောကြားသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို တစ်နှစ်ခွဲကြာ ယာယီပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် နောက်ပိုင်းတွင် မြ၀တီ-မဲဆောက် ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်များမှာ တံတားထိပ်လမ်းလယ်တွင် နေရာယူ ဂိတ်ထိုးခြင်းကြောင့်လည်း တံတားပတ်လမ်းဘယ်၊ ညာအ၀င်ဝတို့တွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်လျက်ရှိသည်ဟု ဒေသခံများက ပြောဆိုကြသည်။
''လမ်းလယ်မှာလည်း ဂိတ်ထိုး သေးတယ်၊ စည်းစနစ်လည်း မရှိဘူး၊ ရပ်ချင်သလို ရပ်နေကြတာ၊ မဲဆောက်သွားမယ့် ကားတွေက ယာဉ်လိုင်းနှစ်ခု ဖြစ်လာတော့ ပိုဆိုးလာတယ်'' ဟု ချစ်ကြည်ရေးတံတားအနီးမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြ၀တီ-မော်လမြိုင်၊ မြ၀တီ-ဘားအံနှင့် အခြားခရီးသည် ယာဉ်လိုင်းများမှ မော်တော်ယာဉ်ငယ်များ ခရီးသည်နှင့် ကုန်စည်များကို လုယက် တင်ဆောင်နေခြင်းတို့ကြောင့် ပေ ၁၀၀ကျော်ကျယ်သည့် လမ်းမကြီးမှာ ကားသိုလှောင်သည့် ၀င်းကြီးသဖွယ်ဖြစ်နေပြီး လမ်းသွားလမ်းလာ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များမှာ လမ်းသွယ်များမှ ရှောင်ကွင်း သွားလာနေရကြောင်းလည်း သိရသည်။
''လမ်းမကြီးလို့တောင် ပြောဖို့ ခက်တယ်၊ ကားဝင်းကြီးလို ဖြစ်နေတာ။ တံတားထိပ်ကို ခရီးသည်သွားပို့ရင် လမ်းသွယ်တွေက ကွေ့ပတ်ပြီး သွားရပါတယ်။ အဓိက ပြဿနာကတော့ ကားဂိတ်ဆိုတာ သီးသန့်မရှိလို့ပါပဲ'' ဟု ဆိုင်ကယ်တက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်ခြောက်ခုတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်သည် ပရိသတ်အင်အား အများဆုံးဖြစ်




45110a
ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုအား မိန့်ခွန်းပြောကြားစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၂၁ရက်နေ့ ညနေက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လူထုဟောပြော ပွဲပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသည် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ခြောက်ခုတွင် အင်အားအများဆုံး ဟောပြောပွဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
“ အခု မဲဆန္ဒနယ်တွေထဲ မှာ ရန်ကုန်တိုင်းက ခြောက်နယ်ပေါ့။ အဲ့ဒီမှာ နောက်ဆုံး ကျွန်မလာခဲ့တဲ့ မဲဆန္ဒနယ်က ဒဂုံဆိပ်ကမ်းပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို အင်အား အများဆုံး ဟောပြောပွဲလည်း ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးအစိုးရ ဆိုသည်မှာ ပြည်သူက ရှိမှန်းတောင် မသိရတဲ့  အစိုးရမျိုးဖြစ်ကြောင်း နှင့် အဆိုးဆုံး အစိုးရ ဆိုသည်မှာ ပြည်သူက ရွံမုန်းသော အစိုးရဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
45110 “ ကျွန်မ ဟောပြောပွဲတွေမှာ မကြာခဏ ပြောဖူးပါတယ်။ အရှေ့တိုင်း အဆိုတစ်ခုရှိတယ်။ အဆိုးဆုံး အစိုးရဆိုတာ ပြည်သူက ရွံမုန်းတဲ့အစိုးရ။ ဒါ့ထက်နည်းနည်းသာတာ ကတော့ ပြည်သူက ကြောက်တဲ့ အစိုးရတဲ့။ ဒါ့ထက် ပိုကောင်းတာကတော့ ပြည်သူက ချီးမွမ်းတဲ့ အစိုးရ တဲ့။ ဒါပေမယ့်အကောင်းဆုံး အစိုးရ ဆိုတာကတော့ ပြည်သူကရှိမှန်းတောင် မသိရတဲ့ အစိုးရမျိုးပဲတဲ့။ ပြည်သူကရှိမှန်းတောင် မသိရတဲ့ အစိုးရဆိုတာကို ကျွန်မနည်းနည်း ရှင်းပြပါရစေ။ အားလုံး အဆင်ပြေနေတဲ့အခါ ကျရင် ပြည်သူတွေရဲ့ဘ၀တွေဟာ လွတ်လပ်လည်း လွတ်လပ်တယ်။ လုံခြုံလည်း လုံခြုံတယ်ဆိုရင် ပြည်သူတွေက သူတို့ အပေါ်မှာ အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်ဆိုတာတောင် မသိရဘူး။ ငါတိုဘ၀တွေ အေးချမ်းနေတယ်၊ ဒီအုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေကို ကြောက်စရာမလိုဘူး၊ ခယနေစရာလည်း မလိုဘူး၊ လာဘ်ပေးနေစရာလည်း မလိုဘူး။ အေးအေးဆေးဆေးနဲ့ နေနိုင်တယ်။ ဒီတော့ အဲ့ဒီမှာ အစိုးရဆိုတာ ရှိမှန်းတောင် မသိရဘူးဆိုတာ အဲ့ဒါကို ပြောတာပါ။ ပြည်သူတွေအပေါ်မှာ လေးလေးပင်ပင်ကြီးနဲ့ တက်ထိုင်နေတဲ့ အစိုးရမဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ် “ ဟုလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူက ရှိမှန်းတောင် မသိရသော အစိုးရမျိုး ဖြစ်ရန်အတွက် ပြည်သူတွေကလည်း ကြိုးစား ပါဝင်ရမည်ဖြစ်ကြောင်း အစိုးရလုပ်သော သူများကို သေသေချာချာ ဝေဖန်သုံးသပ်ရမည်ဖြစ်ပြီး သုံးသပ်ရဲသော သတ္တိလည်း ရှိရမည် ဖြစ်ကြောင်း၊ အစိုးရဆိုသည်မှာ ပြည်သူတွေကို ဖိနှိပ်ထိန်းချုပ် ထားရမည် မဟုတ်ဘူးဆိုသည်ကို သေချာမှတ်ထားရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်သူတွေကို မဲဆွယ်ရသည် ဆိုကတည်းက ပြည်သူတွေသည် ပိုပြီးတော့ သြဇာရှိလို့ ဆိုသည်ကို သိစေချင်ကြောင်း များကိုလည်း ထည့်သွင်းပြောကြားခဲ့ ပါသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လစ်လပ်နေရာ ၄၈နေ ရာတွင် ၄၇ နေရာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိထားပြီး အဆိုပါဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်၌ ဒေါက်တာမျိုးအောင် က ၀င်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်းသိရသည်။

တာမွေယာယီဈေးရှိ ဈေးသည်များ အခြားနေရာသို့ ပြောင်းရွှေ့ရတော့မည် မဟုတ်ကြောင်း ၀န်ကြီးချုပ်ထံမှ သိရသည်ဟု ဦးအောင်သိန်းလင်း ပြောကြား

4519
တာမွေယာယီဈေးမှ ဈေးသည်များ တာမွေအခွန်လွတ်ဈေး အနီးသို့ ပြောင်းရွှေ့ရတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ ဈေးသည်များ၏ ဆန္ဒအတိုင်း ပြောင်းရွှေ့ရန် မလိုတော့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်သိန်းလင်းက မတ်လ ၁၈ ရက်နေ့က ပြုလုပ်သော တာမွေယာယီဈေး ဈေးသူဈေး သားများနှင့်တွေ့ဆုံပွဲတွင် ပြောကြားပါသည်။
“ကျွန်တော်တို့ မပြောင်းရွှေ့ရေး နဲ့ လက်ရှိနေရာမှာ အဆင့်မြင့်ဈေး ပြန်လည်တည်ဆောက်ပေးဖို့ အတွက် ဈေးသည် ၈၀၀ ကျော် လက်မှတ်ရေးထိုးထားတဲ့ စာကိုရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ဆီ ဖုန်းဆက်မေးကြည့်တော့ ၀န်ကြီးချုပ်က အများရဲ့ဆန္ဒအတိုင်း ဖြစ်စေရမယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီကြားထဲ ကောလာဟလတွေ ကြားရင်လည်း ဟုတ်မဟုတ် ချင့်ချိန်စဉ်းစားကြပါ။ လိုအပ်ရင် ကျွန်တော့်တို့ရုံးကို လာပြီး မေးလို့ရပါတယ်”ဟု ဦးအောင်သိန်းလင်းက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်တီအဖွဲ့က ၂၀၁၂ ခုနှစ် ဖေ ဖော်ဝါရီလ၁၄ရက်နေ့တွင်ဈေးသူဈေး သားများကို တာမွေယာယီဈေးကို ဖျက်သိမ်းပြီး ကျိုက္ကဆံလမ်းနှင့် မာလာနွယ်လမ်းကြား Max ဓာတ်ဆီ ဆိုင်ဘေး တာမွေအခွန်လွတ်ဈေး အနီးသို့ ပြောင်းရွှေ့ရမည်ဟု  ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ ဈေးသူ ဈေးသားများက သဘောမတူကြောင်းကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေထံသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
“ရန်ကုန်မြို့တော် စည်ပင်နဲ့ ဂမုန်းပွင့်ကုမ္ပဏီ ပူးပေါင်းပြီး ဈေး အသစ်ဆောက်မယ်လို့ ပြောတယ်။ ဈေးသစ်တစ်ခု ဆောက်ပြီးရင် ရောင်းဝယ်ဖောက်ကားမှု ကောင်းမွန်လာဖို့ အတွက် အချိန်ယူရတယ်။ အရင် တာမွေဈေးဟောင်းကိုလည်း တာမွေ ပလာဇာအဖြစ် ပြောင်းလဲ ဆောက်လုပ်ခဲ့တဲ့အတွက် မူလနေရာကို ဆုံးရှုံး ခဲ့ပြီးဖြစ်ပါတယ်။ တာမွေ ပလာဇာမှာ ဆိုင်ခန်းတွေကို လေးပုံတစ်ပုံပဲ ပေးခဲ့တယ်။ ဒါကြောင့် အခုယာယီ ဈေးနေရာကို ရောက်လာခဲ့တာပါ။ ယာယီဈေးမှာ ဈေးရောင်းချတာ ၁၈ နီးပါးကြာသွားပြီ။ ဒီနေရာသွားလာ မှုအဆင်ပြေပြီး အချက်အချာကျပါတယ်။ ကျွန်တော်တို့ ဈေးသူဈေးသားတွေကလည်း မပြောင်းချင်ကြဘူး။ အဆင့်မြင့်ဈေးအဖြစ် ဆောက်ပေးမယ်ဆိုရင်လည်း ဒီမှာပဲဆောက် စေချင်ပါတယ်။ ဆောက်ပြီးရင်လည်း အရင်တုန်းကလို မတရားသဖြင့် နေရာချထားပေးတာမျိုး မဟုတ်ဘဲ တာမွေယာယီ ဈေးသူဈေးသားတွေ ကို ပြန်လည် နေရာချထားပေးသင့်တယ်”ဟု တာမွေယာယီဈေးမှ ဈေးရုံကိုယ်စားလှယ် ကိုဇော်ဇော်ဝင်းထွန်းက ပြောပါသည်။
ယခင် တာမွေဈေးဟောင်းကို ၁၉၉၄ ခုနှစ်တွင် ဖျက်သိမ်းပြီး နောက် တာမွေ(ယာယီဈေး) နေရာ သို့ ဆိုင်ခန်းများကို ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ဆိုင်ခန်းပေါင်း ၆၃၀ နှင့် အခိုင်အမာ ပျံကျ ဆိုင်ခန်းပေါင်း ၅၄၀ ခန့်ရှိကြောင်း သိရှိရသည်။

မြန်မာ့ အလုပ်အကိုင် အခွင့်အလမ်းများပြပွဲ ‘Job Fair 2012’ ၌ ကုမ္ပဏီပေါင်း ၅၀ နီးပါး လာရောက်ပြသခဲ့ပြီး သက်ဆိုင်ရာနယ်ပယ် အသီးသီးအလိုက် ၀န်ထမ်းများ ခေါ်ယူခဲ့ကြကြောင်း သိရ



4517
အလုပ်လျှောက်ထားကြသူ အချို့အား တွေ့ရစဉ်
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမ၌ ၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက်နေ့နှင့်  ၁၈ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့အလုပ်အကိုင် အခွင့်အလမ်း များပြပွဲ Job Fair 2012 ၌ ကုမ္ပဏီပေါင်း ၅၀ နီးပါး လာရောက်ပြသခဲ့ပြီး သက်ဆိုင်ရာ နယ်ပယ်အသီးသီး အလိုက် ၀န်ထမ်းများ ခေါ်ယူခဲ့ကြကြောင်း သိရသည်။
အဆိုပါပြပွဲတွင် လာရောက်ပြသခဲ့သည့် ကုမ္ပဏီများမှ ၀န်ထမ်းများ ရွေးချယ်ရာတွင် အောက်ခြေမှ အဆင့်မြင့်အထိ အသက် ၁၈ နှစ်မှအသက်  ၄၅ နှစ်အတွင်း သက်ဆိုင်ရာနယ်ပယ် အလိုက် လစ်လပ်နေရာများ အတွက် ခေါ်ယူကြခြင်းဖြစ်သည်။
“ဒီပွဲမှာ အလုပ်အကိုင် လျှောက်ထားတဲ့သူတွေကိုလည်း ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တွေ ကို တစ်နေရာတည်းမှာပဲ ရွေးချယ် လျှောက်ထားနိုင်စေဖို့ အဆင်ပြေအောင် မိတ္တူကူးစက်ကအစ ဓာတ်ပုံရိုက်တာ အဆုံးအားလုံး Free စီစဉ်ပေးထားပါတယ်။ တစ်ထိုင်တည်း အင်တာဗျူး ထိုင်ချင်တဲ့ ကုမ္ပဏီတွေကိုလည်း အခန်းငါးခန်း စီစဉ်ထားပေးပါတယ်”ဟု ပြပွဲစီစဉ်သူ မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း(MYEA) မှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါ သည်။
“ဒီမှာကလာပြတဲ့ ကုမ္ပဏီတွေများတော့ တစ်ထိုင်တည်း အင်တာဗျူးခေါ်ပြီး ၀န်ထမ်းရွေးချယ်ဖို့က အဆင်မပြေပါဘူး။ လာလျှောက်ကြတဲ့သူတွေကလည်း အရမ်းများပါတယ်၊၊ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ လျှောက်လွှာတွေကိုပဲ အရင်လက်ခံထားပြီး တချို့တစ်ဝက်ကိုပဲ ဒီမှာအင်တာဗျူး သွားပြီးကျန်တာကိုတော့ ရုံးမှာပဲဆက်ပြီး အင်တာဗျူးဖို့ စီစဉ်ထားပါတယ်” ဟု Victory Myanmar Group Co., Ltd မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ပါသည်။
ပြပွဲသို့ အလုပ်လာရောက် လျှောက်ထားသူများ အဆင်ပြေစေရေးအတွက် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှလည်း လာရောက်၍ အလုပ်သမား မှတ်ပုံတင် ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
Related Posts Plugin for WordPress, Blogger...
ukok44@gmail.com