ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားရန် လျှောက်ထားသည့် နေရာများ အတွက် နှစ်စဉ်ကြေးများကို တိုးမြှင့် လိုက်သော်လည်း ယာဉ်ရပ်နားခနှုန်းထားများကို တိုးမြှင့်ကောက်ခံခွင့် မပြုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယာဉ်ရပ်နားသည့်နေရာ (ကား ပါကင်)များအတွက် နှစ်စဉ်ကြေးများကို ပြီးခဲ့သည့် စက်တင်ဘာလ လယ်ပိုင်းမှစတင်၍ နှစ်ဆနီးပါး တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။“ယာဉ်ရပ်နားခ ကောက်ခံတဲ့နှုန်းထားတွေကို အရင်နှုန်းထားအတိုင်းပဲ ကောက်ခံဖို့၊ နှုန်းထား တိုးမကောက်ဖို့အတွက် ညွှန်ကြားထားပါတယ်။ တိုးမြှင့်ကောက်ခံတာရှိရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ကို ဘယ်နေရာမှာ ယာဉ်ရပ်နားခတွေ ကို တိုးကောက်နေတယ်ဆိုတာ ဖုန်းနဲ့ဖြစ်ဖြစ်၊ လူကိုယ်တိုင်ဖြစ်ဖြစ်လာရောက်ပြီး တိုင်ကြားနိုင်ပါတယ်။ တိုးကောက်တာ သေချာတယ်ဆိုရင်တော့ ကောက်တဲ့နေရာမှာ လုပ်ကိုင်ခွင့်ရထားတဲ့ ကန်ထရိုက်ကို အရေးယူသွားမှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း နှင့်တံတားဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော်လမ်း၊ လမ်းမတော်လမ်း၊ ကမ်းနားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း စသည့်နေရာများတွင် ယာဉ်ရပ်နား ကန့်သတ်ဧရိယာများ ပြုလုပ်ကာ ယင်းနေရာများတွင် ယာဉ်ရပ်နားလိုပါက အခွန်ပေးဆောင်၍ ယာဉ်ရပ်နားစေခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ယာဉ်ရပ်နားနိုင်သည့်နေရာ များကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား လေလံစနစ်ဖြင့် ချထားပေးခြင်း ဖြစ်ပြီး လေလံကြေးနှုန်းထားများ မြင့်တက်လာခြင်းကြောင့် ယခင်ယာဉ် တစ်စီးရပ်နားခအား ကျပ် ၁၀၀ မှ ၂၀၁၁ ခုနှစ်ဆန်းပိုင်းမှ စတင်၍ ကျပ် ၂၀၀ သို့ တိုးမြှင့်ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ်စဉ်ကြေး ထပ်မံတိုးမြှင့် လိုက်သည့်အပေါ်တွင်မူ ယာဉ်ရပ်နားခများ တိုးမြှင့် ခြင်းကို ခွင့်မပြုကြောင်း သိရသည်။ ယာဉ်တစ်ခါ ရပ်နားပါက ကျပ် ၂၀၀ နှုန်ဖြင့် ပေးဆောင်နေရမှုမှာလည်း မြို့တွင်းပတ်၍ သွားလာနေရသူများ အတွက် ယာဉ်ရပ်နားခတစ်ခုတည်းပင် ကျပ်ထောင်ဂဏန်း ၀န်းကျင်ခန့်ကုန် ကျသည်အထိ ရှိနေကြောင်း သိရှိရသည်။
“မြို့ထဲမှာ ကားရပ်နားပြီဆိုရင် အနည်းဆုံး ၂၀၀ ပေးရတယ်၊၊ တချို့နေရာတွေဆိုရင် ၃၀၀ ကောက်တာ တွေတောင် ရှိတယ်။ ဟိုတစ်ခါကမြို့ ထဲမှာ ငါးမိနစ်လောက် ကားရပ်တာ ကိုကားရပ်ခ ၂၀၀ ပေးရလို့ ရပ်နားခ ကောက်တဲ့သူနဲ့တောင် စကားများခဲ့ရသေးတယ်။ တစ်နေ့ကား ၁၀ ခါရပ် တဲ့သူဆိုရင် ၂၀၀၀ လောက် ကုန်နေပြီ။ ပြီးတော့လမ်းတွေ မကောင်းတဲ့ အတွက် ကားခဏခဏပြင်ရတဲ့ ကုန်ကျစရိတ်က ရှိသေးတယ်” ဟု ရန်ကုန် မြို့တွင်း သွားလာနေသော ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်