
နွယ်တမယ်ကျေးရွာ ၀န်းကျင်ကိုတွေ့ရစဉ်။

စလင်းချောင်း နွယ်တမယ်တံတား ချဉ်းကပ်လမ်း ပျက်စီးနေပုံများကို အောက်တိုဘာ၂၁ရက်နေ့က တွေ့ရစဉ်။
မိုးဆက်တိုက်ရွာသွန်းမှုနှင့်အတူ စလင်းဆည်ရေလွှတ်မှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဆင်ဖြူကျွန်း၌ ရေလွှမ်းမိုးမှုများ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများထံမှရရှိသော သတင်းများအရ သိရှိရသည်။
''ဒီရက်ပိုင်းမှာမိုးတွေ ဆက်တိုက်ရွာတာရယ်၊အောက်တိုဘာလ ၁၉ရက်နေ့ညပိုင်းက စလင်းဆည်ရေပါ လွှတ်ချလိုက်တော့ ကျွန်တော်တို့ဆင်ဖြူကျွန်းမြို့မှာ အောက်တိုဘာလ ၂၀ရက်နေ့ မနက်၎နာရီလောက်မှာ ရေစတက်လာပြီ။နာရီဝက်လောက် အတွင်းမှာ ဆင်ဖြူကျွန်းဈေးထဲမှာ ရေကခါးလောက် တက်နေပြီ။မနက်၇နာရီလောက်မှာ မြို့တွင်းနေရာ အားလုံးနီးပါး ရေလွှမ်းသွားပြီ။ ဈေးထဲကပစ္စည်းတွေလည်း သိမ်းချိန်မရလိုက်တော့ အကုန်လုံးနီးပါး ပျက်စီးဆုံးရှုံးကြတယ်။နောက်ပြီးစလင်းချောင်းမှာလည်း ချောင်းရေကြီးပြီး နွယ်တမယ်တံတားက လေးပိုင်းကျိုးသွားတယ်။ ရေကြီးတာကို တံတားပေါ်ကလာကြည့်နေတဲ့လူ လေးငါးယောက်ကလည်းတံတားကျိုးကျသွားတဲ့အထဲမှာ ပါသွားလို့ အခု ချိန်ထိတော့ ရှာလို့မတွေ့ရပဲ ပျောက်ဆုံးနေဆဲပါပဲ'' ဟုလည်း ဆင်ဖြူကျွန်း မြို့ခံတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါရေကြီးမှုဖြစ်စဉ်ကြောင့် စလင်းချောင်း နွယ်တမယ်တံတား ချဉ်းကပ်တာပေါင်များကျိုးသွားကာ ဆင်ဖြူကျွန်း-ချောက်လမ်းပိုင်းမှာလည်း အသုံးပြု၍မရတော့ကြောင်းလည်း နွယ်တမယ်ကျေးရွာဒေသခံများထံမှ သိရှိရသည်။အဆိုပါ ဆင်ဖြူကျွန်းဒေသတွင် ယခုအကြိမ်ရေကြီးခြင်းသည် နှစ်နှစ်ဆက်တိုက်ရေကြီးခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ထို့ပြင် နတ်တမယ်တံတားကျိုးကျမှုကြောင့် တစ်ဘက်ကမ်းရှိ ဆိပ်ဖြူ၊ချောက်မြို့နှင့် ဆင်ဖြူကျွန်းမြို့တို့မှာ ဆက်သွယ်ရေး ယာယီပြတ်တောက်နေကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။
အလားတူ ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ မြစ်သာမြစ်ကူးကြိုးတံတား ကျိုးပျက်ခဲ့ကြောင်းလည်း သိရှိရသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်