့ပြည်တော်ပြန်လား သီးလေးသီးလား
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ပြန်သွားခဲ့တဲ့ “သီးလေးသီး ဆေးရောင်စုံ” အငြိမ့်အဖွဲ့ထဲကလူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနဲ့ မင်းသမီး ချောစုမျိုးတို့ဟာ အောက်တိုဘာလ ၂၉ ရက်နေ့ကျရင် ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ လူရွှင်တော် ကျော်ထူး၊ မင်းသမီး သစ်သစ်လွင်တို့ ပါဝင်အားဖြည့်မှုတွေနဲ့ ကပြကြ ပါတော့မယ်။
“အလှစုံစွာ မြပုဏ္ဏမာ၏ ရင်သွေး သီးလေးသီး ဆေးရောင်စုံအဖွဲ့” နာမည်နဲ့ ကမယ်လို့ အစက ကြေညာထားပေမယ့် သီးလေးသီး အဖွဲ့ကို ထူထောင်ပေးခဲ့တဲ့ လူရွှင်တော် ကိုဇာဂနာက ဒီနာမည်ကို သုံးစွဲခွင့် မရှိဘူး ဆိုတဲ့အကြောင်း မီဒီယာတွေမှာ အကျယ်တ၀င့် ပြောခဲ့ပါတယ်။
ဒါပေမယ့် ကိုဂေါ်ဇီလာကတော့ ကြော်ငြာထားပြီး ဖြစ်တဲ့အတိုင်း သီးလေးသီး နာမည်ကို ဆက်သုံးမယ်၊ ဆရာတပည့်အကြား အဆင်မပြေစရာ မရှိဘူး ဆိုပြီး ပြည်တွင်းထုတ် ပေါ်ပြူလာ ဂျာနယ်မှာ ပြောထားတာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျန်ခဲ့တဲ့ အသီးတွေကလည်း ဒီ သီးလေးသီး ဆိုတဲ့ နာမည်ကို လေးသီးစလုံး စုံမှ သုံးစွဲသင့်တယ်လို့ ပြောဆိုနေကြပါတယ်။
အခုတခါ ကိုဇာဂနာကလည်း သီးလေးသီး မစုံသရွေ့ သီးလေးသီး ဆိုတဲ့နာမည်ကို မယူသင့်ဘူးလို့ ပြောပြီး ပြည်တော်ပြန် သီးတွေနဲ့ ပြည်တော်မပြန် သီးတွေကို ကြားချ ညှိနှိုင်းပေးခဲ့ပြီလို့ သိရပါတယ်။ အဲဒီလို ညှိနှိုင်းမှုကြောင့် မျှော်စင်ကျွန်းမှာ ကမယ့် ကိုဂေါ်ဇီလာ အမှူးပြုတဲ့ ပွဲဟာ “ပြည်တော်ပြန်” ဆိုတဲ့ နာမည်နဲ့ပဲ ကတော့မယ်၊ ကျန်ရစ်သူ အသီးတွေလည်း လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့ကျရင် ချင်းမိုင်က Art Center မှာ “သီးညီနောင်များ” နာမည်နဲ့ ပွဲတပွဲ ကမယ်ဆိုပြီး ပြည်တွင်း သတင်းဂျာနယ်တချို့မှာ ရေးပြန်ပါတယ်။
ဒါပေမယ့် မျှော်စင်ကျွန်းမှာကမယ့် ပွဲကတော့ အခုအထိ နာမည်ကိစ္စ ဂဏန်းမငြိမ်သေးဘူးလို့၊ အဲဒီလို ဂဏန်းမငြိမ်ရခြင်း အကြောင်းရင်းလေးတွေလည်း ရှိထားတယ်လို့ သိရပါတယ်။
မျှော်စင်ကျွန်းပွဲဟာ “ပြည်တော်ပြန်” လား “သီးလေးသီး” လား ဆိုတာကတော့ အဲဒီနေ့မှာ ကြည့်ကြမယ့် ပရိသတ်အတွက် တကွက် ချန်ထားလိုက်ပါပြီ။
ခမ်းနားတဲ့ မင်္ဂလာပွဲမှသည် ပျော်စရာမိသားစုဘဝသို့
သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးဦးလေးကို အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန် ၀ိတိုရိယ ဆေးရုံမှာ မွေးဖွားခဲ့ပါပြီ။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ လူတိုင်းသိတဲ့ နာမည်ကျော် “စိန်စီသောည” ဆိုတဲ့ မင်္ဂလာပွဲထက် ပိုကဲပြီး မင်္ဂလာပွဲ အများဆုံး ကျင်းပခဲ့လို့ အနုပညာ လုပ်ကိုင်ခွင့် ၆ လ ပိတ်ပင်ခံရတယ်ပြီး ကောလာဟလတွေ ထွက်ခဲ့သေးတာပါ။
မြန်မာနိုင်ငံမှာ မင်္ဂလာပွဲတွေကို ခမ်းခမ်းနားနား ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေရဲ့ သမီးငယ် သန္တာရွှေရဲ့ မင်္ဂလာပွဲ (စိန်စီသောည)၊ ရော့ကာကြီး ဇော်ဝင်းထွဋ်ရဲ့သား အီတိုးနဲ့ စီးပွားရေးလောကမှာ နာမည်ကြီးဖြစ်တဲ့ ကျောက်စိမ်းနဂါး ကုမ္ပဏီပိုင်ရှင်ရဲ့ သမီး မြင့်မြတ်သူတို့ရဲ့ မင်္ဂလာပွဲ၊ သရုပ်ဆောင် နိုင်းနိုင်းနဲ့ အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ နေထိုင်တဲ့ စန္ဒီချိုတို့ရဲ့ မင်္ဂလာပွဲနဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာပွဲတွေဟာ ထူးထူးခြားခြား လူပြောများခဲ့ပါတယ်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့အတွက် မိသားစုဘဝဆိုတာ အခုမှ စတင်ပါပြီ။ ဆက်လက်ပြီး ချစ်စရာ သားသား၊ မီးမီးတွေ အများအပြား မွေးဖွားရင်း ပျော်ရွှင်စရာ မိသားစုကြီးအဖြစ် တဆင့်တက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဖိုးချစ်ရဲ့ ခဲဖိုး
နာမည်ကြီး ဇာတ်မင်းသား ဖိုးချစ်ဟာ သူ့ပရိသတ်တယောက်ကို ငွေကျပ် ၁၈ သိန်း လျော်ကြေး ပေးလိုက်ရတယ်လို့ ပြည်တွင်းထုတ် First Music ဂျာနယ်မှာ တွေ့လိုက်ပါတယ်။
ကျောက်ပန်းတောင်းမြို့မှာ ကပြဖျော်ဖြေမယ့် ဖိုးချစ်တို့ ဇာတ်အဖွဲ့ဟာ အဲဒီမြို့က ရန်ပုံငွေ ဘောလုံးလုံးပွဲအဖြစ် ၀င်ရောက် ကစားခဲ့ပါတယ်။ မြို့ခံမိန်းကလေး ပရိသတ်က အော်ဟစ် အားပေးတာကို မြို့ခံ ယောက်ျားလေးတွေက အော်ဟစ်ဆဲဆို လှောင်ပြောင်ခဲ့တဲ့ အတွက် ဖိုးချစ်ရဲ့ မန်နေဂျာ တက္ကသိုလ်ဗေထိက ခဲနဲ့ ပစ်ပေါက်ခဲ့လို့ ခဲအတွက် လျော်ကြေး ၁၈ သိန်း ပေးလိုက်ရတာပါ။ ဗေထိဆို ကွဲ ဆိုတဲ့စကားအတိုင်း ခဲပေါက်ခံရသူတွေ နဖူးကွဲမကွဲကတော့ မသိရပါဘူး။
ဖိုးချစ်က ခဲဖိုး ၁၈ သိန်းနဲ့တင် ပြီးခဲ့ပေမယ့် လွန်ခဲ့တဲ့ တနှစ်လောက်က ဇာတ်မင်းသား စွမ်းဇာနည်ကတော့ ပရိသတ်နဲ့ ကတောက်ကစ ဖြစ်ခဲ့လို့ဆိုပြီး ဇာတ်ကခွင့် ၁ နှစ် ပိတ်ပင်ခံခဲ့ရဖူးပါတယ်။ စွမ်းဇာနည် ဇာတ်ကခွင့် ပိတ်ပင်ခံရတာဟာ သူနဲ့စင်ပြိုင် ဇာတ်အဖွဲ့တဖွဲ့နဲ့ အမျိုးတော်စပ်သူ သဘင်အစည်းအရုံး အဖွဲ့အ၀င် တဦးရဲ့ စီရင်မှုကြောင့်ဆိုပြီးလည်း ကောလာဟလတွေ ပြန့်နှံ့ခဲ့ဖူးပါတယ်။
မင်းသားစွမ်းဇာနည်ကို ၂၀၁၀ မတ်လအတွင်းက ဇာတ်ကခွင့် ၂ နှစ် ပိတ်ခဲ့ပေမယ့် နောက်တော့ ဇာတ်သဘင် အစည်းအရုံးက ၁ နှစ်လျှော့ပေးခဲ့တဲ့အတွက် ၂၀၁၁ ဇန်န၀ါရီလ (၁၀ လအကြာမှာ) ၀န်ချတောင်းပန်ခဲ့လို့ ဇာတ်ပြန်ကခွင့် ရခဲ့ပါပြီ။
ဖိုးချစ် ခဲဖိုးပေးလိုက်ရတဲ့အတွက် တကယ့် ခဲဖိုး မပေးရတော့ဘူး၊ ကျိန်းကျေသွားပြီဆိုပြီး ဖိုးချစ်ပရိသတ် မိန်းကလေးတွေ ဝမ်းသာနေကြမလား ဆိုတာတော့ မေးခွန်းထုတ်စရာ ရှိပါတယ်။















0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်