Thursday, October 20, 2011

မှော်ဘီတွင် တည်ဆောက်လျက်ရှိသည့် ခန်းမဆောင်ကြီး ယခုနှစ်ကုန်တွင် ပြီးစီးမည်

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်တွင် စတုရန်းပေ ၂၁,၆၀၀ ရှိသော ခန်းမဆောင်သစ်ကြီးကို ဒေါက်တာ အရှင်ဆေကိန္ဒက ဦးဆောင် ဦးရွက်ပြု၍ တည်ဆောက်လျက်ရှိရာ ယခုနှစ်ကုန်တွင် ပြီးစီးနိုင်ရန် မျှော်မှန်း ထားကြောင်းသိရသည်။

အဆိုပါ ခန်းမဆောင်သစ်ကြီးကို (၁၈) ကြိမ်မြောက် ရွှေကျင်ဂိုဏ်း တွေ့ဆုံပွဲကြီးအတွက် ရည်ရွယ်တည် ဆောက်ခြင်းဖြစ်ပြီး အဆောက် အအုံ အပြီးအစီး ကုန်ကျစရိတ်ကို ငွေကျပ် သန်း ၁,၅၀၀ ခန့် ခန့်မှန်း ထားကြောင်း သိရသည်။

သုံးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော ရွှေကျင်ဂိုဏ်းသားများ တွေ့ဆုံပွဲကို ယခုနှစ်အတွက် ဒေါက်တာအရှင် ဆေကိန္ဒ၏ ကျောင်းတော်၌ ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ရွှေကျင်ဂိုဏ်းဝင် သံဃာတော် များအပြင် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော ဂိုဏ်းဝင် သံဃာတော် များကိုပါ ပင့်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဆောက်လုပ်လျက်ရှိသည့် ခန်းမ ဆောင်သစ်ကို ဒေါက်တာအရှင်ဆေ ကိန္ဒကိုယ်တိုင် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကိုယ်တိုင် ဦးဆောင်ဦးရွက် ပြု ဆောက်လုပ်လျက်ရှိကြောင်း ဓမ္မဒူတ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ခန်းမဆောင်ကို လုပ်သားနှင့် ပန်းရန် ဦးရေ ၂၀၀ ၀န်းကျင်ဖြင့် ဆောက်လုပ်လျက်ရှိသည်။ တည်ဆောက်မှုများကို ယခုနှစ် ဇန်န၀ါရီလက စတင်ခဲ့ခြင်းဖြစ်ပြီး ခန်းမ ဆောင်ကြီးမှာ အခြေခံတည်ဆောက်မှု များ ပြီးစီးနေပြီဖြစ်ကာ လက်ရာမြောက် သော ကနုတ်ပန်းများစသည့် ပန်းရန် လက်ရာများ ပြီးစီးရန် ကျန်ရှိနေသေး ကြောင်း တွေ့ရသည်။ အဆောက်အအုံ ကို ဒီဇင်ဘာလတွင် အပြီးသတ် ဆောက် လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

သံဃာအပါး ၁,၀၀၀ ဆံ့ခန်းမဆောင် သစ်ကြီးတွင် သံဃာတော်များ တွေ့ဆုံပွဲ ကို သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး ၂၀၁၂ ဇန်န၀ါရီ ၃၁ မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိဖြစ်သည်။

အဆောက်အအုံအတွင်းရှိ ခန်းမ ဆောင် အပေါ်ထပ်တွင် အထပ်ငယ် တစ်ခု ထည့်သွင်းဆောက်လုပ်နေပြီး ယင်းမှာ တွေ့ဆုံပွဲ ကျင်းပပါက အသံ စနစ်ဆိုင်ရာများ စီစဉ်ဆောင်ရွက်ရန် သီးသန့်နေရာတစ်ခုအဖြစ် သတ်မှတ်ရန် လျာထားကြောင်း သိရသည်။

အဆိုပါ ခန်းမဆောင် အပါအ၀င် ရပ်ဝေးမှ လာရောက်မည့် သံဃာတော်များ အတွက် တည်းခိုဆောင်များပါ ထပ်မံ ဆောက်လုပ် လျက်ရှိသည်ကို တွေ့ရသည်။

ရွှေကျင်ဂိုဏ်း တွေ့ဆုံပွဲကို ရွှေကျင် ဂိုဏ်းသာသနာ စည်ပင်ပြန့်ပွားရေးနှင့် စည်းလုံးညီညွတ်ရေး၊ ဗုဒ္ဓသာသနာ စည်ပင်ထွန်းကား ရေးအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ရွှေကျင်ဂိုဏ်း သားတစ်ဦးဖြစ်သူဆရာတော် ဦးဩဒါ တ သိရီဘိဝံသက မိန့်ကြား ခဲ့သည်။

မြန်မာတစ်ပြည်လုံးတွင် သံဃာတော် အပါးရေ ၅၀၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့ အနက် ရွှေကျင်ဂိုဏ်းဝင် သံဃာတော် အပါးရေမှာ ၆၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ရွှေကျင်ဂိုဏ်းဝင် သံဃာတော် များ၊ လတ်တလောလျာထားချက် သံဃာ တော် ၈၈၄ ပါးနှင့် နိုင်ငံရပ်ခြားမှ ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များကို ပင့်ဆောင်သွား မည်ဖြစ်သည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်