ရန်ကုန်မြို့ရှိ လမ်း ၃၀ ဆေးခန်း အဆောက်အအုံနေရာနှင့် ၄၇ လမ်း City Mart အဆောက်အအုံ အပါအ၀င် နေရာရှစ်နေရာအား ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်သွားရန် စတင်လေ့လာနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဟိုတယ်ဇုန်)မှ ထုတ်ပြန်ချက်များ အရ သိရှိရသည်။
ယင်းအပြင် လှိုင်တက္ကသိုလ် ၀င်းအတွင်းရှိ ပုပ္ပါးဆောင်နှင့် ဒူးယားဆောင်များသည်လည်း အဆို ပါ အစီအစဉ်ထဲတွင် ပါဝင်ကြောင်း သိရသည်။
အပြောင်းအလဲအချို့ ရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ ယခင်နှစ်ကထက် များစွာမြင့်တက်လာမည်ဟု ခန့်မှန်းထားသော်လည်း ခန့်မှန်းထားသည့် ခရီးသည်ဦးရေ တစ်သန်းခွဲကျော် လာရောက်ခဲ့မည်ဆိုပါက ဟိုတယ်ခန်း မလုံလောက်မှု ကြုံတွေ့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အတွက် ဟိုတယ်များထပ်မံ တိုးချဲ့ရန်လိုအပ်ချက်များအရ ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနရုံးဟောင်းများ အပါအ၀င်နေရာရှစ်ခုကို ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် လေ့လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
သိမ်ဖြူလမ်းနှင့် ကုန်သည် လမ်းထောင့်ရှိ ယခင်က ဟိုတယ်ခရီး ၀န်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီး ဌာန၊ ကြိုးမဲ့ကြေးနန်းနှင့် စာတိုက် ဆက်သွယ်ရေးဝန်ကြီးဌာနတို့စုပေါင်း ရုံးထိုင်ခဲ့သည့် အဆောက်အအုံပါ ပါဝင်ကြောင်းလည်း သိရသည်။
“လမ်း ၃၀ ဆေးခန်း အဆောက်အအုံ၊ အထပ်ငါးထပ်ရှိတဲ့ ၄၇ လမ်း မှာ City Mart ဖွင့်ထားတဲ့နေရာ၊ နောက် နေပြည်တော်ကို ရုံးတွေ မရွှေ့ခင်က ရန်ကုန်မှာတုန်းက ဖွင့်ခဲ့တဲ့ ပို့ဆောင်ရေး၊ ကြိုးမဲ့ကြေးနန်းနဲ့ စာတိုက် ဆက်သွယ်ရေး၊ ဟိုတယ် ခရီးဝန်ကြီးဌာနတွေ စုပြီး ရုံးထိုင်ခဲ့တဲ့ အဆောက်အအုံတွေ ပါဝင်ပါတယ်။ နိုင်ငံခြားခရီးသွားတွေ ပိုဝင်လာရင် ဟိုတယ် မလုံလောက်ဘူး။ အဲဒါကြောင့် ဟိုတယ်လုပ်ငန်းလုပ်ဖို့စပြီး လေ့လာနေတာပါ”ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
လေ့လာပြီးစီး၍ လုပ်ကိုင်သင့်သည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်က သက်ဆိုင်ရာသို့တင်ပြကာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြည်တွင်း လုပ်ငန်းရှင်များ အပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များကိုပါ လုပ်ကိုင် ခွင့်ပြုသွားရန်အထိ စီစဉ်ထားကြောင်း သိရသည်။
ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် လေ့လာနေသည့် ရန်ကုန်မြို့ရှိ နေရာအချို့
၁။ လမ်း ၃၀ ဆေးခန်းဖွင့်လှစ်ထားရာ ငါးထပ်အဆောက်အအုံ။ ပန်းဘဲတန်းမြို့နယ်။
၂။ ၄၇ လမ်း City Mart ဖွင့်လှစ်ထားသည့် အဆောက်အအုံ။ ဗိုလ်တထောင်မြို့နယ်။
၃။ လှိုင်တက္ကသိုလ်ဝင်း အတွင်းမှ ပုပ္ပါးဆောင်။
၎။ လှိုင်တက္ကသိုလ်ဝင်း အတွင်းမှ ဒူးယားဆောင်။
၅။ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ယခင်က ဟိုတယ်ခရီးဝန်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ကြိုးမဲ့ကြေးနန်းနှင့် စာတိုက်ဆက်သွယ်ရေး ၀န်ကြီးဌာနတို့ စုပေါင်းရုံးထိုင်ခဲ့သည့် အဆောက်အအုံ။
၆။ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံ လမ်းထောင့်ရှိ လေးထပ် အဆောက်အအုံ။
၇။ ပုဇွန်တောင်လမ်းရှိ ကုန်သွယ်မှုဗဟိုဌာန။ မင်္ဂလာတောင်ညွန့်။
၈။ အလုံလမ်းရှိ အမှတ် (၂၅၀၊ ၂၆၀၊ ၂၆၈)၊ ၁၀ ထပ်အဆောက်အအုံ။ ဒဂုံမြို့နယ်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်