
ဗောဓိပင်ရဲ့ အကိုင်းအခက်ပုံသဏ္ဌာန်အလား ကပြနေတဲ့ တရုတ်မသန်စွမ်းအနုပညာရှင်များ။
ဓာတ်ပုံ-ရတနာ
မသန်ပေမယ့် စွမ်းပါတယ်ဆိုတဲ့စကားကို သိပေမယ့် သူတို့ ဘယ်လိုများ ကကြလေမလဲလို့ ပွဲမတိုင်ခင်က သိလိုစိတ် ပြင်းပြခဲ့တာပါ။သူတို့ဆိုတာ ချို့ယွင်းချက်ကိုယ်စီရှိကြတဲ့ တရုတ်မသန်စွမ်းအနုပညာအဖွဲ့လေ။
နိုဝင်ဘာလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြီးမှူးပြီး ဒီအဖွဲ့ရဲ့ဖျော်ဖြေမှုကို ကျင်းပခဲ့ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်၊ အချိတ်အဆက်မိမိနဲ့ ညီ ညွတ်မှုကို ညီညာတဲ့ ကဟန်တွေနဲ့ မြင်လိုက်ရတာက 'ဗောဓိသတ္တိ'ဆိုတဲ့ ကပြမှုမှာပါ။
ရွှေဝါရောင်တောက်ပနေတဲ့ အင်္ကျီတွေကို ဆင်တူဝတ်ပြီး တရုတ် လှပျိုဖြူလေးတွေနဲ့ အမျိုးသားလေး အယောက် ၂၀ က တစ်ထပ်တည်း ကျအောင်ရပ်ပြီး ဗောဓိပင်ရဲ့ အကိုင်း အခက်တွေလို လက်တွေကို ဖြန့်ကာပြ သွားတာ ညီလှချည်လားပေါ့။
ဒီထဲမှာ နားမကြားတဲ့သူတွေလည်း ပါတာမို့ သူတို့ စည်းချက်နဲ့တစ်ထပ် တည်းကျအောင် ဘယ်လိုများ ကကြပါလိမ့်လို့ စဉ်းစားခန်းဝင်နေတုန်း စင်ထောင့်ကနေ ပြသပေးနေတဲ့ အက နည်းပြဆရာမကို တွေ့မှပဲ ခုလိုဟာကွက် မရှိအောင် ကပြနိုင်တဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရတော့တာပါပဲ။
ကပြမှုအပြီးမှာတော့ အကြားအာရုံ ချို့ယွင်းနေတဲ့ သူတို့က အကကို ဘယ်လောက်ထိ ကြိုစားလေ့ကျင့်ခဲ့ရတယ် ဆိုတာ မှတ်တမ်း တင်ထားတဲ့ နှစ်မိနစ်စာ ဗီဒီယိုလေးကနေတစ်ဆင့် တွေ့မှပဲ သူတို့ရဲ့အခက်အခဲတွေကြားက ကြိုးစား ရရှိလာတဲ့ အနုပညာ အသီးအပွင့်တွေကို ပိုပြီး ခံစားလာနိုင်ပါတော့တယ်။
"၀ိုင်း ..၀ိုင်း .. စက် .စက် .. ၀လုံး ကိုရေး ..အမေ့ကျောင်း အတူသွားမယ်.. ဖိုးလမင်းက လမ်းပြပါ..နောက်ကလိုက်လို့ ကျောင်း တက်မှာ" ဆိုတဲ့ အဆိုတော်နွဲ့ယဉ်ဝင်းရဲ့ သီဆိုသံ ကြားလိုက်ရတော့ စိတ်ထဲ ဘယ့်နှယ့် မြန်မာအဆိုတော်ပါလာရတာလဲလို့ ထင်နေတုန်းမှာပဲ စင်ပေါ်က မီးရောင်အောက်မှာ တွေ့လိုက်ရတာက ဘီးတပ် ကုလားထိုင်ပေါ်မှာ မြန်မာသံပီပီသသနဲ့ သီဆိုနေတဲ့ အဖွဲ့ထဲက တရုတ်အမျိုး သမီး အဆိုတော်ပါပဲ။
ဆိုနေလိုက်တာများ တကယ့်ကို အဆိုတော်နွဲ့ယဉ်ဝင်း အလားပါပဲ။
ဒါ့ပြင် အမြင်အာရုံချို့ယွင်းနေတဲ့ အမျိုးသားအဆိုတော်ရဲ့ 'မန်းတောင် ရိပ်ခို' သီချင်းအဆိုကလည်း ပီပြန်တော့ သဘောခွေ့ခဲ့ ရတာပေါ့။
အဲဒီနောက်မှာတော့ မျက်မမြင်အဖွဲ့ရဲ့ တရုတ်ကျေးလက်ဒေသတေးဂီတ ဖျော်ဖြေမှု၊ အနောက်တိုင်း တေးသီချင်းတွေ ဖျော်ဖြေမှုနဲ့ အကသမားတွေရဲ့ လိပ်ပြာပုံပြင်အက၊ အနောက်တိုင်းအက အစုံနဲ့ ဖျော်ဖြေခဲ့တာကြောင့် ကြည့်ကောင်းတဲ့ပွဲဖြစ်ခဲ့တဲ့အပြင် ကြိုးစားသူတိုင်းအတွက် အရာရာဖြစ်နိုင်တယ်ဆိုတဲ့ အသိကိုလည်း ရခဲ့ပါတယ်။
အနုပညာကို ပီပြင်အောင် ဖန်တီးနိုင်ဖို့ဆိုတာ သန်မှစွမ်းမှမဟုတ်ဘဲ ကြိုးစားမှုနဲ့လည်း ဖြစ်နိုင်တယ်ဆိုတာ သူတို့ အဖွဲ့က သက်သေပြခဲ့နိုင်ပါတယ်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်