၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ဘဏ်များအားလုံး အပ်ငွေအာမခံ (Deposit Insurance) စတင် ထားရှိရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမိန့်စာထုတ်ပြန်ခဲ့ပြီး ယခု လက်ရှိအချိန်အထိ ပုဂ္ဂလိကဘဏ်ငါးဘဏ်မှ အပ်ငွေအာမခံစတင်ထား ရှိထားပြီဖြစ်ကြောင်း သိရသည်။ အပ်ငွေအာမခံ စတင်ထားရှိသည့်ဘဏ်များမှာ အာရှရန်ကုန်ဘဏ်၊ ရတနာပုံဘဏ်၊ စည်ပင်သာယာရေးဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ဖြစ်ကြသည်။အပ်ငွေအာမခံအမျိုးအစားသည် ဘဏ်များအပေါ် ငွေအပ်နှံသူများ ယုံကြည်မှုပိုရှိလာစေရန်၊ ငွေသားလုံခြုံမှုရှိစေရန်နှင့် အဓိကအချက်မှာ အောက်ခြေလူတန်းစားများနှင့် လူလတ်တန်းစားများ၏အပ်နှံငွေများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအာမခံကို ထားရှိထားပါက ဘဏ်များ ဒေ၀ါလီခံရသည့်တိုင် ပြန်လည်၍ လျော်ကြေးငွေရရှိမည် ဖြစ်သည်။
''မြန်မာနိုင်ငံမှာပုဂ္ဂလိကဘဏ် ပေါင်း ၁၉ ဘဏ်ရှိပါတယ်။ အခု လက်ရှိအချိန်အထိ အပ်ငွေ အာမခံစနစ်ထားရှိထားတဲ့ ဘဏ်ငါးဘဏ် ရှိနေပါပြီ။ ဒီအာမခံအမျိုးအစားက သူတစ်ပါးထိခိုက်မှု အာမခံအမျိုး အစားလိုပါပဲ။ ကား ပိုင်ရှင်တွေ အာမခံထားရပေမယ့် အကျိုးခံစားခွင့်ရှိသူက ကားနဲ့ ထိခိုက်မိသူတွေပါ။ အခုလည်း အာမခံထားရမယ့်သူတွေက ဘဏ်တွေပါ။ ခံစားခွင့်ရှိမှာက ငွေအပ်နှံသူတွေပါ။ အပ်ငွေအာမခံစနစ်ဟာ ဘဏ်တွေအပေါ်မှာ ယုံကြည်မှုပိုလာစေဖို့နဲ့ ဘဏ်တွေရဲ့ Image ပိုကောင်းလာစေဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ ဒီစနစ်က အောက်ခြေနဲ့ လူလတ်တန်းစားတွေအတွက် အဓိကထားတာဖြစ်တဲ့အတွက် အပ်ငွေအာမခံကို စတင်ဝန် ဆောင်မှုပေးရာ မှာ လောလောဆယ်မှာတော့ ငွေကျပ်တစ်သိန်းကနေ ငါးသိန်းအထိရှိတဲ့ အပ်ငွေတွေကို အကာအကွယ်ပေးသွားမှာပါ။ နောက်ပိုင်းမှာတော့ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး တိုးမြှင့်သင့်ရင် တိုးမှာဖြစ်ပေမယ့် ကျပ် ရှစ်သိန်းတိုးမယ်ဆိုတဲ့ သတင်းကတော့ မဟုတ်ပါဘူး'' ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက ရှင်းပြခဲ့ပါသည်။
အပ်ငွေအာမခံစနစ်သည် မြန်မာ့အာမခံလုပ်ငန်းမှ ၀န်ဆောင်မှုပေးလျှက်ရှိသော အာမခံအမျိုးအစားပေါင်း ၄၆ မျိုးအပြင် ယခုနှစ်တွင် အသစ်ထပ်မံ ၀န်ဆောင်မှုပေးလာသော အာမခံအမျိုးအစား အသစ်တစ်မျိုးဖြစ်ပြီး ဘဏ်များ အနေဖြင့်လည်း ယခင်က ဘဏ်အဆောက်အအုံ၊ ငွေပို့ငွေလွှဲ၊ ဘဏ်ပိုင်ဆိုင်မှုများကိုသာ အာမခံထားရှိကြပြီး အပ်ငွေနှင့်ပတ်သက်သော အာမခံမရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အပ်ငွေအာမခံစနစ်သည် မြန်မာ့အာမခံ သမိုင်းတစ်လျှောက်နှင့် ဘဏ်သမိုင်းတစ်လျှောက်တွင် ပထမဦးဆုံးဆောင်ရွက်ခဲ့သည့် အာမခံအမျိုးအစားဖြစ် ကြောင်း သိရသည်။
လက်ရှိ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၂၀၀ နီးပါးခန့်အနက် အပ်ငွေအာမခံဝန်ဆောင်မှုပေးလျှက်ရှိသော နိုင်ငံပေါင်း ၁၀၆ နိုင်ငံရှိပြီး ယခုအခါ မြန်မာနိုင်ငံအပါအ၀င် ၁၀၇ နိုင်ငံရှိကြောင်း သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်