
အင်န်အယ်လ်ဒီရုံးရှေ့တွင် စုရုံးရောက်ရှိနေသော ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေစဉ်။
ဓာတ်ပုံ - ကောင်းထက်
စောင့်နေကြသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ရဲ့ ပါတီဝင်တွေသာမကဘဲ သတင်းသမားတွေရော အခြား စိတ်ဝင်စားသူတွေပါ ရောနှောနေတယ်။ အသက်အရွယ် ကိုတောင် မငဲ့ကွက်ဘဲ သနပ်ခါးရေကျဲလူထားသူ၊ ပန်းတွေဝေနေ အောင်ပန်ထားတဲ့သူတွေ၊ ချည်လွယ်အိတ်လေးပိုက်လို့ စောင့်နေကြတဲ့ အမယ်အိုတွေ၊ နဖူးထက်မှာ ချွေးဥတွေစို့လို့ အဆုံးအဖြတ်ကို မျှော် လင့်နေတဲ့ မျက်ဝန်းတွေနဲ့ လူငယ်တွေ .. ဒီလူတွေ အားလုံး ဗဟန်း မြို့နယ်မှာရှိတဲ့ အင်န်အယ်လ်ဒီရုံးချုပ် ရှေ့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်က စောင့်နေခဲ့ကြတာပါ။
အဲဒီနေ့က အင်န်အယ်လ်ဒီအတွက်ရော တိုင်းပြည်ရဲ့နိုင်ငံရေးအတွက်ပါ အရေးကြီးတဲ့နေ့ပါ။
ပါတီကို မှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး ဆွေးနွေး ကြမယ့် အစည်းအဝေးကြီးမှာ တချို့ကလည်း သူတို့ရဲ့သဘောထားကို အဖွဲ့ချုပ်ရဲ့ ရုံးရှေ့မှာတင် အဖွဲ့ဝင် ၃၄ ယောက် လက်မှတ် ထိုးထားတဲ့ မှတ်ပုံမတင်ဖို့ ကန့်ကွက်ကြောင်း အဖွဲ့ချုပ်ရှေ့မှာပဲ အားလုံးသိအောင် ကြေညာကြသလို အဖွဲ့ချုပ်ရုံးထဲမှာတော့ တိုင်း ဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုနဲ့ ဗဟိုအမျိုးသမီး လုပ်ငန်း အဖွဲ့၊ လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေး အဖွဲ့စတဲ့ ပါတီရဲ့ အဖွဲ့တွေနဲ့ ညီနောင်ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီပါတီတို့ကတော့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ သဘောထားတွေကို ပြောဆိုဆွေးနွေး နေကြပါတယ်။
သူတို့ရဲ့ ဆွေးနွေးမှုတွေကိုတော့ အသံချဲ့စက်ကနေတစ်ဆင့် သတင်းသမားတွေရော အပြင်ကလူတွေ အားလုံးပါ ကြားနိုင်ပါတယ်။
အင်န်အယ်လ်ဒီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးကတော့ "ဒီမိုကရေစီကျကျပဲ။ ဘာတွေဆွေးနွေးတယ်ဆိုတာ အားလုံးသိတာ ပေါ့။ ဘာမှလျှို့ဝှက်ထား စရာမရှိပါဘူး" လို့ ဆွေးနွေးပွဲနဲ့ပတ်သက် ပြီးပြောပါရဲ့။
မြန်မာ အက္ခရာစဉ်လိုက် ကချင်ပြည်နယ်ကစလို့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ တစ်ခုချင်းစီအလိုက် သဘောထားတွေ တင်ပြသွား တဲ့အထဲမှာ အများစုကတော့ မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ကို သဘောတူကြသလို တချို့ကလည်း ပါတီရဲ့ အထွေထွေအတွင်း ရေးမှူးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအတိုင်းလိုက်နာဖို့ ပြောကြပါတယ်။
အင်န်အယ်လ်ဒီအနေနဲ့ ယခု တစ်ကြိမ်အပါအ၀င် ၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲဝင်မ၀င်၊ ၂၀၁၀ ပြည့်နှစ်မှာ ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ့ ရွေး ကောက်ပွဲဝင် မ၀င်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဗဟိုကော်မတီအစည်း အဝေးကျင်းပပြုလုပ်ပြီး ဆုံးဖြတ်ချက် ရယူတာ သုံးကြိမ်မြောက်ရှိပြီဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါဝင်တာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲဝင်ဖို့ သဘောမတူခဲ့ဘူးလို့ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခုတစ်ကြိမ်မှာတော့ ပါတီကို မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ နေရာအားလုံးကနေ ယှဉ်ပြိုင်သင့်တယ်လို့ ပြောပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မလှုပ်ရှားရတာ တော်တော်ကြာပြီ။ နိုင်ငံရေးပါတီ တစ်ခုရဲ့ အလုပ် တွေကို မလုပ်ခဲ့ရတာ တော်တော်ကြာပြီ။ ကျွန်မတို့ ပြန်ပြီး လေ့ကျင့်ယူရတော့မယ်။ အားလုံးက ပြန်ပြီး နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရတော့မယ်။ ဒီမိုကရေစီစနစ်အောက်မှာ နိုင်ငံရေးပါတီ ထူထောင်ပြီဆိုမှတော့ အဓိကအားဖြင့် တော့ ရွေးကောက်ပွဲတွေမှာ တစ်ကြိမ်တစ်ခါတော့ ယှဉ်ပြိုင်ရမှာပါပဲ" လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သလို နောက်ဆုံး ဆုံးဖြတ် ချက် ထွက်လာတဲ့အခါ ပါတီမှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ကို ဗဟိုဦးစီးအဖွဲ့ ၀င်အားလုံးက ခြွင်းချက်မရှိ သဘောတူ ခဲ့ကြပါ တယ်။
ပါတီရှင်သန်ရေးအတွက်မှတ်ပုံတင်မယ်ဆိုရင် ကန့်ကွက်တယ်လို့ဆိုတဲ့ ကချင်ပြည်နယ်က ဗဟိုဦးစီးအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ဦးဒါရှိလဆိုင်းကတော့ အများသဘောနဲ့ ဒီမိုကရေစီ နည်းလမ်းအရ ရွေးချယ်ပြီးရခဲ့တဲ့ ရလဒ်အပေါ် အငြင်းမပွားဘဲ ထောက်ခံ လုပ်ဆောင်မှာဖြစ်ပြီး ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်နိုင်စွမ်းကိုလည်း ယုံကြည်တယ်လို့ ဆိုပါတယ်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်