အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ပြီးခဲ့သည့် အင်္ဂါနေ့က ပါလမ်ဘန်းမြို့ရှိ ဂျီလိုရာဆရီဝီဂျာရာ အားကစားကွင်းတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။
ပိတ်ပွဲအခမ်းအနားသို့ အင်ဒိုနီးရှားဒုတိယသမ္မတ ဘိုဒီယိုနို တက်ရောက်ခဲ့ပြီး ရွှေတံဆိပ်စုစုပေါင်း (၁၈၂)ခုဖြင့် နိုင်ငံအလိုက်တွင် ဗိုလ်စွဲနိုင်ခဲ့သည့် အင်ဒိုနီးရှားအသင်းကို ချီးကျုးမှုများ ပြုလုပ်ခဲ့သည်။
ထို့အပြင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကွင်းအပြင်၌ တိုးဝှေ့ကြရာမှ အသက်သေဆုံးခဲ့ရသည့် အင်ဒိုနီးရှား ပရိသတ်(၂)ဦးအတွက်လည်း ၎င်းတို့၏မိသားစုများနှင့်အတူ ထပ်တူ ထပ်မျှ ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။
ပိတ်ပွဲအခမ်းအနားတွင် အကသမား(၆၀၀)ကျော်က အင်ဒိုနီးရှား ရိုးရာအကနှင့် ခေတ်ပေါ်အကများကို တွဲဖက်သရုပ်ဖော်ကပြခဲ့ပြီး အင်ဒိုနီးရှားနာမည်ကျော် အဆိုတော်များက ပြိုင်ပွဲ၏ သီချင်းဖြစ်သည့် Harmony In Victory သီချင်းကို သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့ပြင်ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဆူဘိုဝိုနှင့် အင်ဒိုနီးရှားအားကစားဝန်ကြီးတို့မှလည်း နှုတ်ဆက်မိန့်ခွန်းစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုယ်စားပြုအလံကို (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအား လက်ခံကျင်းပမည့် မြန်မာနိုင်ငံအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ သည့် အင်ဒိုနီးရှားအသင်းသည် ၁၉၉၇ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိ ရသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်