ယင်းကုမ္ပဏီက အလွဲသုံးစားလုပ်သည့်ပမာဏမှာ ကျပ်သိန်းပေါင်း ငါးသောင်းဝန်းကျင်ရှိကြောင်း သိရှိရသည်။
''ပဲကုမ္ပဏီတစ်ခုပဲ၊ ပဲကို DO(Delivery Order) နဲ့ဝယ်တယ်။ ပဲလောကမှာ တစ်ချိန်တုန်းကလည်း ဒီလိုဖြစ်ခဲ့လို့ ကြိုပွင့်နဲ့ အရောင်းအ၀ယ်လုပ်တာကို ပိတ်ထားခဲ့တယ်။ နိုင်ငံတော်ပိုင်းကလည်း ခွင့်မပြုဘူး။ အဲဒါ ၂၀၀၈-၂၀၀၉ လောက်က ဖြစ်ခဲ့တာ။ အဲဒီနောက်ပိုင်း ခဏလောက်ငြိမ်သွားပြီး နောက်ပိုင်း အဲဒီလိုမဖြစ်တော့ပဲ အခုမှထပ်ပေါ်လာတာပါ။ အခု ဒီကုမ္ပဏီက ရန်ကုန်ဧရိယာမှာတင် လိမ်သွားတဲ့ပမာဏက ကျပ်သိန်း သုံးသောင်းလောက်လို့ ပြောတယ်။ ပဲကို ဂိုဒေါင်ထဲမှာရှိတယ်ပြောပြီး အရောင်းအ၀ယ်လုပ်ထားတာ။ အခု လိုက်ကြည့်တော့မှ ဘာမှမရှိဘူး။ ပစ္စည်းသိမ်းရလောက်အောင်လည်း ဘာပစ္စည်းမှလည်း မကျန်ခဲ့ဘူး''ဟု ပဲလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
''အခုက ကြိုရောင်းကြိုဝယ်လို့ လည်းပြောလို့မရဘူး။ ပဲပေးမယ်ဆိုပြီး ငွေအရင်ကြိုယူပြီး ပဲလိုက်ယူတော့မှ မရှိတော့တာ''ဟု ပဲလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။ ယင်းဂယက်ကြောင့် ယခုရက်ပိုင်း ကုန်စည်ဒိုင်တွင် အရောင်းအ၀ယ်မရှိဘဲ ငြိမ်သက်နေကြောင်း၊ ပဲဈေးများလည်း အကျဈေးဖြင့်သာ ဆက်ရှိနေကြောင်း သိရှိရသည်။
''အခု ကျွန်တော်တို့ကြားရတာကတော့ ရန်ကုန်မှာတင် သိန်းသုံးသောင်းလောက်ရှိတယ်လို့ ကြားရတယ်။ ပါသွားတဲ့ပမာဏကတော့ မနည်းပါဘူး''ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များအသင်း တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်က ပြောပြခဲ့သည်။ ''တကယ်တော့ အခုနောက်ပိုင်း ပဲဈေးတွေမကောင်းတော့ နယ်နဲ့ ရန်ကုန်နဲ့ အရောင်းအ၀ယ်လုပ်တဲ့အခါ ကြားမှာ ပဲပွဲစားတွေရှိတယ်။ နယ်က ပဲစိုက်ပျိုးတဲ့သူတွေက ပွဲစားကို အပ်ထားတယ်။ ပွဲစားက တစ်ခါလိုတဲ့ပိုက်ဆံကို စိုက်ပေးထားတာမျိုး ရှိသလို အာမခံပြီး အကြွေးယူထားတာတွေလည်း ရှိတယ်။ အဲဒီလိုနဲ့ နယ်ကယူထားတဲ့ပမာဏကလည်း ကျပ်သိန်းပေါင်းနှစ်သောင်းလောက်ရှိတယ်လို့ သိရတယ်'' ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲလုပ်ငန်းရှင်တစ်ဦးကလည်း ပြောပြခဲ့သည်။
''ကျွန်တော်တို့ အခုရက်ပိုင်း ပဲလောကမှာ အသံလေးတွေပြန်ကြား နေရတယ်။ တကယ်တော့ ကြိုရောင်းကြိုဝယ်ပြုလုပ်တာတွေဟာ ပဲလောကမှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်စေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေကလည်း သတိထား ဆောင်ရွက်ဖို့လိုပါတယ်'' ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောပြခဲ့သည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်