မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုပမာဏမှာ နေ့စဉ် ၁၅၇၃ မဂ္ဂါဝပ်ရှိပြီး တစ်ဝက်နီးပါးကို ရန်ကုန်မြို့အတွက် အသုံးပြုလျှက်ရှိကြောင်း၊နေပြည်တော်အတွက် နေ့စဉ် ၇၅မဂ္ဂါဝပ်သုံးစွဲနေကြောင်း နိုဝင်ဘာလ ၂၁ရက်နေ့ ကအမှတ်(၂) စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင်ပြုလုပ်သည့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွက် လျပ်စစ်ဓာတ်အားများကို ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံများမှ ထုတ်လုပ်ပေးလျက် ရှိပြီး လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ မဂ္ဂ၀ပ် ၁၅၀၀ကျော် သုံးစွဲနေကြောင်း သိရှိရသည်။ မဂ္ဂါဝပ် ၆၀၀ ကျော်ကို တရုတ်နိုင်ငံနှင့် ဖက်စပ်ထုတ်လုပ်လျှက်ရှိကြောင်း သိရှိရသည်။
''ကျွန်တော်တို့ဆီမှာထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို ရန်ကုန်မြို့က သုံးစွဲနေပြီး ကျန်တာကိုတော့ အခြားပြည်နယ်နှင့်တိုင်းများက အချိုးကျ သုံးစွဲနေပါတယ်။ နေပြည်တော်က ၇၅ မဂ္ဂါဝပ်ခန့် နေ့စဉ် သုံးစွဲနေပါတယ်။ လက်ရှိမှာတော့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၇ ရုံ၊ သဘာဝဓာတ်ငွေ့အသုံးပြုတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၀ ရုံကနေ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်လျက် ရှိပါတယ်။ ပွင့်လင်းရာသီ ရောက်လာရင်တော့ ၁၇၀၀ မဂ္ဂါဝပ်လောက်နေ့စဉ် သုံးလာနိုင်ဖွယ်ရှိပါတယ်'' ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောကြားခဲ့သည်။
ပြည်နယ်နှင့်တိုင်းအလိုက် နေ့စဉ်လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ ရန်ကုန်မြို့တွင် ၇၀၀ မဂ္ဂါဝပ်၊ မန္တလေးမြို့တွင် ၂၁၅ မှ ၂၃၀ မဂ္ဂါဝပ် ကြား၊ နေပြည်တော်တွင် ၇၅ မဂ္ဂါဝပ်၊ ကချင်ပြည်နယ်တွင် သုံးမဂ္ဂါဝပ်၊ ကယားပြည်နယ်တွင် ခုနစ်မဂ္ဂါဝပ်၊ကရင်ပြည်နယ်တွင် ၄၀ မဂ္ဂါဝပ်၊မွန်ပြည်နယ်တွင် ၄၀ မဂ္ဂါဝပ်၊ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၄၅ မဂ္ဂါဝပ်၊ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၃၀ မဂ္ဂါဝပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၆၅ မဂ္ဂါဝပ်၊ မကွေးတိုင်းဒေသကြီးတွင် ၇၀ မဂ္ဂါဝပ်၊ ပဲခူး(အရှေ့)တွင် ၅၀ မဂ္ဂါဝပ်၊ပဲခူး(အနောက်) ၃၄မှ ၄၀ မဂ္ဂါဝပ်ကြား၊ဧရာဝတီတိုင်းဒေသကြီးတွင် ၅၆ မှ ၆၀ မဂ္ဂါဝပ်ကြား သုံးစွဲလျှက်ရှိကြောင်း သိရှိရသည်။
လျှပ်စစ်ဓာတ်အားကို လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့ကြီးအများစုသို့ မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေး လျှက်ရှိကြောင်း သိရှိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်