ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပေးထားပြီ ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။
ပြည်တွင်းရှိပုဂ္ဂလိကဘဏ် များအနက် ဘဏ်ကြီးများအား မြန်မာနိုင်ငံရှိအစိုးရဘဏ်များဖြစ် သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်(MICB) စသည့်ဘဏ်များကဲ့သို့ နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
“အခု ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြားငွေ လုပ်ငန်းလုပ်ကိုင်ခွင့် ပေးလိုက်ပါပြီ။ ဒါပေမယ့် စတင် လည်ပတ်တဲ့ အပိုင်းမှာတော့ Foreign Exchange Licence ပေးတယ်ဆိုပေမယ့် ချက်ချင်းလုပ်လို့တော့ မရသေးဘူး။ ပြည်ပကလည်း အခု အကူအညီပေးဖို့ကမ်းလှမ်းတာမျိုး တွေရှိတယ်။ ဂျပန်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလည်း လာပြီး ဆွေးနွေးကြတယ်။ အထူးသဖြင့် မိတ်ဖက်ဘဏ်တွေ အနေနဲ့ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ကိစ္စတွေလည်း ပါတယ်။ အဲဒီတော့ ကိုယ့်ဘက်က လည်း ရုပ်ပြကောင်းဖို့ လိုပါတယ်”ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
ယင်းကဲ့သို့ နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပါက Letter of Credit (LC) ဖွင့်သည့်လုပ်ငန်းများ တွင် ပို၍အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
“ဘဏ်တွေကို authorized dealer licence ချပေးမယ်လို့ သိရတယ်။ ဘယ်နှစ်ခုလည်းတော့ အတိအကျ မသိသေးဘူး။ ဒါဆိုရင် Foreign Banking လုပ်လို့ရပြီ။ LC လုပ်ငန်း တွေလုပ်လို့ရပြီ။ သွင်းကုန်ပို့ကုန် လုပ်ငန်းတွေအတွက် ၀န်ဆောင်မှုပေး နိုင်ပြီ။ ငွေကြေးအားဖြင့် finance လုပ်လို့ရပြီ။ ဥပမာ သွင်းကုန် သမားတစ်ယောက်က LC လာဖွင့် ချင်တယ်ဆိုရင် စည်းကမ်းချက် တွေနဲ့ ညီညွတ်ရင် ဘဏ်က ဖွင့်ခွင့် ပေးတယ်။ ဘဏ်တွေဘက်ကလည်း ၀ယ်မယ့်သူဟာ ဘယ်လိုလူ၊ လုပ်ငန်းတကယ်ရှိ မရှိတော့ advise တော့ လုပ်ပေးရတယ်။ လက်ရှိအနေအထားမှာတော့ ဥပမာ သွင်းကုန် သမားတစ်ယောက်က ၁၀၀ ဖိုး ရင်းမယ်ဆိုရင် ၁၀၀ ရှိမှ ရတယ်။ ဒါမှ ဖွင့်ပေးတာ၊ အဲဒီ LC ကို ပို့ကုန် တင်ပို့တဲ့နိုင်ငံမှာရှိတဲ့ အဆက်အသွယ် ဘဏ်ကိုပို့ပေးရတယ်။ ဒါကြောင့် ကြားခံဘဏ်တော့ လိုတယ်။ နှစ်ဦး နှစ်ဖက်ပြေလည်သွားရင် ပို့ကုန် တင်ပို့တဲ့သူက သုံးလကြာမှရမယ့် ငွေကိုတကယ် Shipping Document တွေ တင်ပေးလိုက်တာနဲ့ သက်ဆိုင် ရာဘဏ်ကနေ ငွေလွှဲယူလို့ရပြီ။ ဒါကြောင့် အရမ်းအကျိုးရှိပါတယ်။ တကယ်တော့ ဘဏ်တွေကရစရာ ရှိတဲ့ငွေကြေးကို အမြန်ရအောင်၊ သူ့ဆီ ကငွေရမှ ကိုယ်က အလုပ်လုပ်ရမယ်ဆိုတဲ့ အနေအထားမျိုး မရောက်အောင် အထောက်အကူပြုပါတယ်။ အဲတော့export ၊ import လုပ်ငန်းတွေအတွက် အရမ်းကောင်း သွားပါတယ်”ဟု မြန်မာအရှေ့တိုင်းဘဏ်မှ မန်နေဂျာ ဦးစံသိန်းက ပြောပြ ခဲ့သည်။
“အခု ဘဏ်လုပ်ငန်းတွေ တော်တော်ပွင့်လင်းလာပါပြီ။ စနစ် တကျလုပ်ကိုင်နိုင်ဖို့လည်း လိုလာပါပြီ။ အခုပြည်ပက သင်တန်းလာ ပေးမယ့်အစီအစဉ်တွေလည်း ရှိ တယ်။ ဒီကနေသွားပြီး လေ့လာမယ့်အဖွဲ့တွေလည်း ရှိတယ်။ မလေးရှားက ခရီးစရိတ်လောက်ပဲ ယူပြီးလာပြီး အကူအညီပေးဖို့ ပြော လာပါတယ်။ အဓိကအားဖြင့်တော့ နိုင်ငံခြားငွေလုပ်ငန်း လုပ်ခွင့်ရလို့ရှိရင် လတ်တလောမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ချိတ် ဆက်ပြီး ပိုလုပ်ဖြစ်သွားမယ်။ အခြား အာဆီယံ+၃ ရှိမယ်။ အခု အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့လည်း ပါလာပြီ။ ကုန်သွယ်မှုလုပ်ငန်းတွေလည်း တိုးတက်သွားမှာပါ။ ဥပမာ အိန္ဒိယနိုင်ငံနဲ့ ဘဏ်ချင်း ချိတ်ဆက်ပြီးတော့ တိုးချဲ့ရင် တိုးချဲ့နိုင်သလောက် အကျိုးရှိပါ တယ်”ဟု ဦးသန်းလွင်က ထပ်မံ ပြောကြားခဲ့သည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်