Tuesday, November 29, 2011

ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ဘေးရှိ စက်မှု(၁)ရုံးဟောင်းအား ဗီယက်နမ်နိုင်ငံမှ ဟိုတယ်အဖြစ် တည်ဆောက်မည်၊ ကမ်းလှမ်းထားသည့် စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊

ရန်ကုန်မြို့၊ စက်မှု(၁)လမ်းနှင့် ကမ္ဘာအေးဘုရား လမ်းထောင့်ရှိ အမှတ်(၁)စက်မှု ၀န်ကြီးဌာန ရုံးဟောင်းအား ဗီယက်နမ်နိုင်ငံမှ လုပ်ငန်းရှင်များက ဟိုတယ်တည်ဆောက်ကာ မြှုပ်နှံမည်ဖြစ်ပြီး မူအားဖြင့် သဘောတူပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုး သိန်းကပြောကြားခဲ့ပါသည်။

“ဆီဒိုးနား ဟိုတယ်ဘေးက စက်မှု(၁)ရုံးဟောင်းကို ဗီယက်နမ် လုပ်ငန်းရှင်တွေက ဟိုတယ်အဖြစ် တည်ဆောက်လုပ်ကိုင်ဖို့ မူအားဖြင့် သဘောတူပြီးသွားပါပြီ”ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းကပြောကြားခဲ့ သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားခရီးသွားများစွာ ၀င်ရောက်လာမှုကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦးတို့ရှိ ဟိုတယ်များမှာ တစ်နှစ်ပတ်လုံးစာ ဧည့်သည်ပြည့်နေသည့် အနေအထားဖြစ် ပေါ်နေကြောင်း၊ လာမည့်နှစ်များမှ စကာ ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၀င်ရောက်မည့် အနေအထားမှာလည်း အလုံးအရင်းဖြင့် ၀င်ရောက်လာမည့် အနေအထား ဖြစ်၍ ဟိုတယ်လိုအပ်ချက်မှာ မြင့်မားလျှက် ရှိနေသည်ဟုလည်း သိရသည်။

၂၀၁၅ ခုနှစ်အထိ နိုင်ငံခြား ခရီးသွားများ အလုံးအရင်းဖြင့် ၀င်ရောက်လာမည်ဆိုခြင်းမှာ ယခုနှစ်၌ပင် နိုင်ငံခြားခရီးသွားများ များပြားစွာ ၀င်ရောက်နေပြီး ၂၀၁၃ ခုနှစ် ၌ ဆီးဂိမ်းပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိခြင်း၊ ၂၀၁၄ ခုနှစ်၌ ASEAN SUMMIT အား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိနေခြင်းနှင့် ၂၀၁၅ ခုနှစ်ဆိုပါက ASEAN FREE TRADE AREA အဖြစ်ရောက်ရှိတော့မည် ဖြစ်သည့်အတွက် နိုင်ငံခြားခရီးသွားများမှာ နှစ်စဉ်များပြားစွာ ၀င်ရောက်လာတော့မည်ဟု ဆိုရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့အတွက် မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်း ကဏ္ဍတွင် မြှုပ်နှံလိုကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ကမ်းလှမ်းထားသည့် ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ကိုရီး ယားနိုင်ငံများမှ လုပ်ငန်းရှင်များကိုလည်း သတ်မှတ်ချက်ဖြင့် ကိုက်ညီပါက အားလုံးခွင့်ပြုပေးမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါ သည်။

ယင်းအပြင် လက်ရှိဆောက်လက်စ ဟိုတယ်များကိုလည်း အမြန်ဆုံးအပြီးသတ်ရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ မြှုပ်နှံလိုပါကလည်း ယခု လာလျှောက်ထားပြီး သတ်မှတ်ချက် ကိုက်ညီသည်နှင့် ချက်ခြင်းပြန်လည် ချထားပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“ရန်ကုန်ဟိုတယ်တွေမှာလည်း ပြည့်နေပြီ။ နေပြည်တော်လည်း ပြည့်နေပြီ။ တစ်နှစ်လုံးစာလောက် အတွက် ပြည့်နေတာ။ နေပြည်တော်-ရန်ကုန်ဆိုရင် ပြည်တွင်း လေကြောင်းလိုင်းတောင် ကြပ်လာပြီ။ လက်ရှိအတိုင်းတောင် နိုင်ငံခြားခရီးသွားက များလာနေတာ ၂၀၁၃ မှာ ဆီးဂိမ်း၊ ၂၀၁၄ မှာ ASEAN SUMMIT တွေကို အိမ်ရှင်အဖြစ် လုပ်မှာ။ ၂၀၁၅ မှာ AFTA လာတော့မယ်။ အဲဒီလိုဆိုရင် နိုင်ငံခြားခရီးသွားတွေ အများကြီးဖြစ်လာ မှာမို့လို့ ဟိုတယ်လိုအပ်ချက်က ရှိနေပြီ။ အဲဒီအတွက် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ဟိုတယ်လုပ်ငန်းနဲ့ မြှုပ်နှံမယ်ဆိုရင် အားလုံးကို သတ်မှတ်ချက်နဲ့ ညီတာနဲ့ လက်ခံသွားမှာပါ။ ပြည်တွင်းက လုပ်ငန်းရှင်တွေ လုပ်ချင်ရင်လည်း လာလျှောက်ပါ ချက်ခြင်းလုပ်ကိုင်ခွင့်ပေးမယ်”ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ ပါသည်။

သို့သော် ပုဂံဒေသအတွင်း၌ မူ နောက်ထပ် ဟိုတယ်သစ်များ လုံးဝထပ်မံ တည်ဆောက်ခွင့်မပြုတော့ သည့်အပေါ် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက “ပုဂံမှာတော့ ဟိုတယ်ထပ်ဆောက်ခွင့် မပြုတော့ဘူး။ လွတ်ကင်းတဲ့ ဥပမာ-တုရွင်းတောင်လို အစွန်လောက်နားမှာပဲ ခွင့်ပြုပေးတော့မယ်”ဟု လည်း ထပ်မံပြောကြားခဲ့သည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်