Thursday, November 24, 2011

ပြည်ပသို့ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ တစ်သိန်းရှိသူတိုင်း ဒေါ်လာ ငါးသောင်းတန်ဖိုးရှိ ကားတစ်စီး တင်သွင်းခွင့်ရှိ

b34_04
ပြည်ပမှတင်သွင်းလာသည့် ကားများအား ဆိပ်ကမ်းတွင် တာဝန်ရှိသူများက စစ်ဆေးစဉ်

ပြည်ပသို့ ပို့ကုန်တင်ပို့သူများ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ရည်ရွယ်၍ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း ပြည်ပသို့ အမှန်တကယ်တင်ပို့နိုင်ခဲ့သည့် ပမာဏ အမေရိကန် ဒေါ်လာ တစ်သိန်း ရှိသူတိုင်း ဒေါ်လာငါးသောင်း တန်ဖိုးရှိသော ကားတစ်စီး တင်သွင်းခွင့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရရှိသောသတင်းများအရ သိရသည်။

''အခု ကားတင်သွင်းခွင့်ရှိတဲ့ သူတွေကသတ်မှတ်ထားတဲ့ကာလ အတွင်းမှာပြည်ပကိုအမှန်တကယ် ပို့ကုန်တင်ပို့နိုင်ခဲ့ပြီး တင်ပို့တဲ့ ပမာဏက အမေရိကန်ဒေါ်လာ တစ်သိန်း ဖြစ်ရမှာပါ။ ထို့အတူပဲ ဘဏ်စာရင်းထဲမှာလည်း ပြည်ပပို့ကုန်ကရငွေ ဒေါ်လာတစ်သိန်းရှိတဲ့ ကုမ္ပဏီ တွေအနေနဲ့ လိုအပ်တဲ့ အထောက်အထားတွေကို တင်ပြပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို လိပ်မူပြီး လျှောက်ထားနိုင်ပါ တယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ ကားတင်သွင်းရာတွင် ငါးနှစ်အတွင်း ထုတ်လုပ်သည့် ကားဖြစ်ရမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ငါးသောင်း အထိ တန်ဖိုးရှိသော ကားတစ်စီးစီကို တင်သွင်းခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အတူ စက်တင်ဘာလ ၃၀ ရက်နောက်ပိုင်း အမှန်တကယ်တင်ပို့သည့်ပမာဏ အမေရိကန်ဒေါ်လာ တစ်သိန်းပြည့်မီပါကလည်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ငါးသောင်းတန်ဖိုးရှိသော ကားတစ်စီး စီကို ကုမ္ပဏီများအနေဖြင့် တင်သွင်းခွင့် ချက်ချင်းလာရောက် လျှောက်ထားနိုင်ကြောင်းလည်း သိရှိရသည်။

''အခု တစ်သိန်းဆိုပြီး သတ်မှတ်တာက ငါးသောင်းတန်တင်သွင်းမှ အခွန်တန်ဖိုးတွေ ဘာတွေနဲ့ဆို အဲဒီဝန်းကျင်လောက် ရောက်သွားမယ်။ ပြည်ပပို့ကုန်ရငွေ ဘဏ်စာရင်းထဲမှာ တကယ်သွင်းထားပြီးသားရှိရင် လျှောက် လို့ရတယ်။ တချို့လည်း နှစ်သောင်း၊ သုံးသောင်း တန်လောက်ကိုပဲ တင်သွင်းချင်တဲ့သူတွေလည်း ရှိတယ်။ တင်သွင်းရမယ့်ကားက brand new နဲ့ လွန်ခဲ့တဲ့ငါးနှစ်က ထုတ်လုပ်တဲ့ ကားတွေပဲ အကျုံးဝင်တယ်။ ငါးနှစ်ထက် ပိုကြာတဲ့ကားကို တင်သွင်းခွင့်မရှိဘူး'' ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်