ရုပ်ရှင်ဆင်ဆာမူဝါဒ ပြောင်းလဲရေးအတွက် ရုပ်ရှင်အဖွဲ့သားများ ဆန္ဒခံယူကာ ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေက ပြောသည်။ ၁၆-၁၁-၂၀၁၁ ရက်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ခန်းမတွင် ပြုလုပ်ခဲ့သော ဆင်ဆာမူဝါဒဆိုင်ရာ စည်းဝေးပွဲတွင် ယင်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အခုဒီနေ့ ရုပ်ရှင်အဖွဲ့သားတွေရဲ့ ဆန္ဒကိုယူတယ်လေ။ သူတို့ပြောတာကို နားထောင်တယ်။ သူတို့တင်တဲ့ စာတမ်းတွေကို ပြည်ထောင်စု ဝန်ကြီးကိုတင်ပြမယ်။ ဝန်ကြီးဌာနအနေနဲ့ ဆင်ဆာမူဝါဒ ပြောင်းဖို့ကို ရုပ်ရှင်လောကသားတွေဆီက သဘောထားလိုလို့ အခုလိုအစည်းအဝေး လုပ်ရတာပါ ဟုဥက္ကဌက ပြောသည်။ အဆိုပါရုပ်ရှင် ဆင်ဆာမူဝါဒ အစည်းအဝေးကို တက်ရောက်လာသော ဇာဂနာက ဆင်ဆာဆိုသည်မှာ ရှိသင့်သည့်အရာဖြစ်ကြောင်း သို့သော်လည်း လက်ရှိဆင်ဆာအဖွဲ့ အပေါ်အနုပညာရှင် ရုပ်ရှင်လောကသားများက ပြောင်းလဲလို နေကြသည်မှာလည်း ကောင်းမွန်ကြောင်း မိမိတို့ပြုလုပ်မည့် လွတ်လပ်ခြင်း အနုပညာပွဲတော်အတွက် အထောက်အပံ့ဖြစ်သော အကိုင်းအခက်တစ်ခု လည်းဖြစ်ကြောင်း ပြည်မြန်မာဂျာနယ်ကိုပြောသည်။ ရုပ်ရှင်ဆင်ဆာ အဖွဲ့ဝင် ရုပ်ရှင်အကြောင်းကို သိရှိသူမပါဘဲ ဌာနဆိုင်ရာများက ပါဝင်နေကြောင်း အကယ်ဒမီဇင်ဝိုင်းက စာတမ်းဖတ်ကြားရာတွင် ပြောကြားခဲ့သည်။ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူများနှင့် စည်းကမ်းချက်များကို ဆင်ဆာဖြတ်တောက်သည်များ ကြုံရသည်ကိုလည်း စာတမ်းဖြင့် တင်ပြခဲ့သည်။ မကြာမီတွင် ရုပ်ရှင်ဆင်ဆာနှင့် ပတ်သက်သော မူဝါဒများ ပြောင်းလဲလာမည်ဖြစ်ရာ ထပ်မံဖွဲ့စည်းရန်လိုသော ဆင်ဆာအဖွဲ့မှာလည်း မည်သည့်ဘက်မှ ဘက်မလိုက်ဘဲ အများအကျိုးကိုကြည့်၍ ကိုယ်ကျိုးမဖက်သူဖြစ်ရန် လိုအပ်ကြောင်း အကယ်ဒမီမောင်မျိုးမင်းက ပြောကြားခဲ့သည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်