ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ဆောင်ရန် စီစဉ်နေကြောင်းနှင့် သို့သော်လည်း အခြားတစ်ဖက်တွင် ပေါ်ပေါက်လာမည့်အသေးစား ငွေချေးလုပ်ငန်းများကို လွှမ်းခြုံပြီး သက်ရောက်နိုင်မည့် ဥပဒေမျိုးမရှိသေးသည့် အတွက် ယင်းကဏ္ဍဖွံ့ဖြိုးလာရန် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးမှာ များစွာအဓိကကျနေကြောင်း စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရ သိရှိရသည်။
မကြာသေးမီက ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အတွက် ငွေကြေးကဏ္ဍ၏ အရေးပါမှုများအကြောင်း ဆွေးနွေးခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ကျေးလက်နေပြည်သူများ၏ ဘ၀အဆင့်မြှင့်တင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ အရေးပါမှု၊ ဘဏ်များ၏ အခန်းကဏ္ဍ၊ NGO များ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာရှိ microfinance institution များ၏ လုပ်ဆောင်ချက်များအား ဆွေးနွေးပြောကြားပြီး အခြားတစ်ဖက်တွင် မူဥပဒေပိုင်းဆိုင်ရာအခိုင် အမာမရှိသေးသည့်အတွက် ထောက်ပြပြောဆိုမှုများ ရှိနေကြောင်း သတင်းရရှိသည်။
''အသေးစားချေးငွေလုပ်ငန်း ဖွံ့ဖြိုးလာမှုနဲ့ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံမှာ ၁၉၉၇ ခုနှစ်လောက်ကတည်းက နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီနဲ့ နိုင်ငံတကာ NGOတွေကနေ လာပြီးလုပ်နေခဲ့တာတွေ ရှိခဲ့တယ်ဆိုတော့ အတွေ့အကြုံ အတော်ရှိနေပါပြီ။ ဒီ အတွေ့အကြုံတွေအရကြည့်မယ်ဆိုရင် ဒီလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာဖို့ တစ်စုံတစ်ခုသော policy framework အောက်မှာ လုပ်ရတာမျိုးတွေ ရှိပါတယ်။ ဒီအခါမှာ ဥပဒေကြောင်းလမ်းအနေနဲ့ ညီညွတ်မှုရှိဖို့ လိုအပ်သလို လောလောဆယ် ဦးစား ပေးစဉ်းစားရမယ့်အချက်က ဥပဒေပေါ် ပေါက်လာဖို့ဆိုတဲ့ အချက်ပါ။ ဥပဒေအနေနဲ့ ခေတ်နဲ့အညီပြောင်းလဲနေတဲ့ အသေးစားငွေစုငွေချေး လုပ်ငန်းတွေကို လွှမ်းခြုံပြီးသက်ရောက်နိုင်မယ့် ဥပဒေမျိုးမရှိသေးတဲ့အတွက် လိုအပ်နေတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ဆီမှာရှိနေတဲ့ Microfinance Institution တွေက ဒီဥပဒေပေါ်လာတဲ့အခါ ဒီထက်မက အောင်မြင်သွားဖို့ လိုပါတယ်။ ဥပဒေရဲ့ အနှစ်သာရကတော့ အသင်းအဖွဲ့တွေကို ချုပ်ကိုင်ဖို့ မဟုတ်ဘဲ ဒီအသင်းတွေကို ပိုပြီးမှန်မှန်ကန်ကန် လုပ်နိုင်လာအောင် နောက်ကနေ အထောက်အကူပြုစေမယ့် (conducive legal framework) ဖြစ်မယ်ဆိုရင် ပိုပြီးအောင်မြင်သွားနိုင်ပါတယ်'' ဟု ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး က ပြောပြခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများ၏ ဖြတ်သန်းလာရသော အနေအထားများနှင့် ဥရောပတွင် ငွေစု ငွေချေးလုပ်ငန်းများကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မိသားစုစီးပွား ရေးလုပ်ငန်းအနေဖြင့် ဖော်ဆောင်လာခဲ့ရာမှ ယနေ့အချိန်တွင် အောင်မြင်နေသော အခြေအနေသို့ ရောက်ရှိနေကြောင်း ဂျာမနီနိုင်ငံမှ စီးပွားရေးပညာရှင် Professor Dr.Hans Dieter Seibel ကလည်း ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်မူ ၇၀ ရာခိုင်နှုန်းဝန်းကျင်ခန့်သော ပြည်သူများမှာ လယ်ယာစိုက်ပျိုးရေးနှင့် ယင်းနှင့်ဆက်စပ်သော အခြားအသေးစား လုပ်ငန်းများအား မှီခို၍ ဘ၀ရပ်တည်ရသောသူများဖြစ်သောကြောင့် အဓိက လယ်ယာကဏ္ဍတွင် အသေးစားချေး ငွေများ ထောက်ပံ့ပေးနိုင်မှုကို မူဝါဒတစ်ရပ်ဖြင့် ခိုင်ခိုင်မာမာချမှတ်၍ လုပ်ဆောင်ရန်လိုအပ်နေကြောင်းလည်း သက်ဆိုင်ရာတာဝန်ရှိသူများက သုံးသပ်ခဲ့ကြသည်။
''အမှန်တော့ နိုင်ငံတော်ကနေ လယ်သမားတွေကို ငွေထုတ်ချေးပေးနေတဲ့ ပမာဏတော်တော်များတယ် ဆိုတာသိရပါတယ်။ တစ်ဖက်မှာလည်း ဆင်ပါးစပ်နှမ်းပက်သလို ဖြစ်နေတယ်။ ဒီအထောက်အပံ့ကို လိုနေတဲ့လယ် သမားအရေအတွက်က ပိုများနေတယ်။ ကျွန်တော်တို့ဆီမှာက လယ်လုပ်နိုင်တဲ့ လယ်သမားတွေတင်မကဘူး။ လက်မဲ့ ဘောက်သမားတွေလည်း အများကြီး ရှိနေတယ်။ ဒီလိုလူမျိုးတွေက ချေးငွေနဲ့ မသက်ဆိုင် ဘူးဖြစ်နေ တယ်။ ဒီလိုအနေအထားမျိုးမှာ လယ်ယာမြေကို အခြေခံပြီးလုပ်ကိုင်နေတဲ့ မိသားစုတွေနဲ့ ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်အောင်လုပ်တဲ့အထဲမှာ နိုင်ငံတော်ဘဏ်တွေတင်မဟုတ်ဘူး၊ တခြားနည်းနဲ့လည်း လုပ်ဖို့လိုလာတာ လည်း တွေ့ရတယ်။ ရပ်ရွာလူထုကို အခြေပြုတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ သူတို့ကလုပ်ပေးမယ့် အသေးစား ငွေချေးလုပ်ငန်းအစီအစဉ်တွေကလည်း အရေးပါပါတယ်။ ဥပမာ ဆန်စပါးလုပ်ငန်း မှာဆိုရင် ဆန်စပါးအထူးပြုကုမ္ပဏီတွေက သူတို့နဲ့ ဆက်စပ်တဲ့လယ်သမားတွေကို ငွေကြိုချေးပေးတာ၊ ပြီးတော့မှ အကျိုးအမြတ်ကို ခွဲယူတာမျိုးတွေ လုပ်နေသလို တခြားနေရာတွေမှာလည်း ဘက်ပေါင်း စုံကလုပ်ပေးဖို့ လိုအပ်နေပါတယ်။ ဒီလိုနေရာတွေမှာ ကျွန်တော်တို့ မသိသေးတဲ့အချက်တွေလည်း အများကြီးပါပဲ။ လယ်သမားတွေရဲ့ လိုအပ်ချက်က ဘာလဲ။ စိုက်ပျိုးစရိတ်ချေးငွေ တင်မက တခြားဘယ်လို လိုအပ်ချက် တွေရှိနေသေး သလဲ။ ဒါ့အပြင် လယ်မပိုင်တဲ့လယ်သမားတွေကိုရော ဘယ်လိုလုပ်မလဲ။ ဒီအခန်းကဏ္ဍမှာ လယ်ယာမြေပိုင်ဆိုင်မှုက ဘယ်လိုရှိသလဲ ဆိုတာတွေ ထည့်သွင်းဆွေးနွေးသွားဖို့ လိုပါတယ်'' ဟု ဒေါက်တာဇော်ဦးက ဆက်လက် သုံးသပ်ပြခဲ့သည်။
အခြားတစ်ဖက်တွင်လည်း လက်ရှိအခြေအနေတွင် small holder farmer များ၏ လယ်ယာမြေပိုင်ဆိုင်မှုပြဿနာမှာလည်း ကြီးထွားနေကြောင်း၊ ငွေချေးသည့်ကဏ္ဍအား မတိုးချဲ့ခင်တွင် လယ်ယာမြေပိုင်ဆိုင်မှုပြဿနာကို ဖြေရှင်းပေးနိုင်ရန် လိုအပ်နေကြောင်း လည်း သုံးသပ်ကြသည်။
''ကျေးလက်မှာ အဓိကကျတာ လယ်ယာစီးပွားရေးပဲ။ ဒီစီးပွားရေး ကဏ္ဍထောင်တက်လာမှ ဒီစီးပွားရေးကို ကျားကန်ပေးနေတဲ့ အသေးစား လုပ်ငန်းတွေ၊ လူသုံးကုန်ပစ္စည်း လုပ်ငန်းတွေ၊ လယ်ယာထွက် ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေဆိုတာ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် စောစောကပြောတဲ့ လယ်ယာလုပ်ငန်းခွင်မှာ ၀င်ရောက် မလုပ်နိုင်တဲ့သူတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းရရှိလာမယ်။ လယ်ယာစီးပွားရေး အရင်မြင့်တက် သွားမှ လက်ရှိတစ်ပိုင်တစ်နိုင် လုပ်နေတဲ့အနေအထားမျိုး မဟုတ်ဘဲ ပြည်ပပို့ကုန်နဲ့ပါ ဆက်စပ်တဲ့လုပ်ငန်း မျိုး (supply chain) တစ်ခုလုံးကို နောက်ကနေ တွန်းသွားတဲ့ ပုံစံမျိုးဖြစ်လာနိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါ တယ်။ ဒီလိုပဲလယ်ယာကဏ္ဍမှာ အထူးပြုကုမ္ပဏီရဲ့ လုပ်ငန်းစီမံချက်ကိုပါ ဘယ်လိုအောင်မြင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်ပေးနိုင်မလဲဆိုတဲ့ အချက် တွေကိုလည်း ဆန်းစစ်ဖို့ လိုအပ်လာတယ်လို့မြင်ပါတယ်'' ဟု ကျေးရွာများ တွင် အသေးစားငွေချေးလုပ်ငန်းများအား ဆောင်ရွက်ပေးနေသော UN အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောပြခဲ့သည်။
''ကျွန်တော်တို့ ကျေးရွာတွေမှာလိုက်ပြီး အသေးစားငွေချေးလုပ်ငန်းတွေကို တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့လုပ်နိုင်တာ ၂၂ မြို့နယ်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်။ ရာနှုန်းအားဖြင့် ကြည့်ရင် တော်တော်လေးကို နည်းနေပါသေးတယ်။ လုပ်သာလုပ် တယ်။ အကန့်အသတ် ရှိနေတယ်။ အဓိကကတော့ ပြည်တွင်းထဲမှာရှိနေတဲ့အားကို အစိုးရက မြေတောင် မြှောက်ပေးပြီး ပုဂ္ဂလိကကုမ္ပဏီတွေ၊NGO တွေ သူ့နေရာနဲ့သူ တာဝန်ယူနိုင်ဖို့လိုပါတယ်။ ပုဂ္ဂလိကဆန်ဆန် ဈေးကွက်စီး ပွားရေးနဲ့ ဖြေရှင်းလို့မရတာတွေလည်း ရှိတယ်။ ကျေးလက်နေပြည်သူတွေရဲ့ ပြဿနာက ပိုက်ဆံမရှိတဲ့ ပြဿနာ တစ်ခုတည်း မဟုတ်ပါဘူး။ Micro-finance institution ဆိုတာက စီးပွားရေးပြဿနာတစ်ခုလုံး ဖြေရှင်းပေးနိုင်တာ မဟုတ်ပါဘူး။ တခြားလူမှုရေး ပြဿနာတွေလည်း ဖြေရှင်းပေးနေရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒါကြောင့်ချေးငွေလုပ်ငန်းဆိုတာလည်း ဘဏ်တစ်ခုတည်းနဲ့ ဆိုင်တယ်လို့ပဲ ပြောလို့တော့မရပါဘူး။ ဥပဒေတစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာ ပေါ်ပေါက်လာရင် institution အနေနဲ့ လုပ်ကိုင်ရတာ ပိုပြီးအားသာချက်ရှိသွားမှာပါ'' ဟု Microfinance Specialist တစ်ဦးက ပြောကြားခဲ့သည်။
| အခြားတစ်ဖက်တွင်လည်း လက်ရှိအခြေအနေတွင် small holder farmer များ၏ လယ်ယာမြေပိုင်ဆိုင်မှု ပြဿနာမှာလည်း ကြီးထွားနေကြောင်း၊ ငွေချေးသည့်ကဏ္ဍအား မတိုးချဲ့ခင်တွင် လယ်ယာမြေ ပိုင်ဆိုင်မှုပြဿနာကို ဖြေရှင်းပေးနိုင်ရန် |
အလားတူ မြန်မာနိုင်ငံတွင် ပြည်ပမှ အထောက်အပံ့ပေးနေသော ODA နှင့်ပတ်သက်၍မူ ကာလရှည် ကြာစွာရပ်ဆိုင်းထားရာမှ ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် ကျေးလက်နေ ပြည်သူများ၏ ဘ၀မြှင့်တင်ရေးအတွက် ပြန်လည်ပေးအပ်သွားမည့် အလားအလာများ ရှိနေကြောင်းလည်း သိရှိရသည်။''ပြည်ပနိုင်ငံတွေကပေးနေတဲ့ ODA ကို အသေးစားချေးငွေလုပ်ငန်းတွေမှာ ပေးလို့ရပါတယ်။ ပေးဖို့လည်း စီစဉ်နေတာတွေ ရှိပါတယ်။ ဥပမာ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားတဲ့ အမေရိကန်နိုင်ငံတောင် Microfinance ဆိုရင် ပေးချင်ကြတယ်။ ပထမတစ်ချက်က ဆင်းရဲမွဲ တေမှုလျော့ချရေးမှာ အထောက်အကူ ဖြစ်မယ်လို့ ယူဆတဲ့အတွက်ဖြစ်သလို နောက်တစ်ခုက လူမှုရေးအရ အားကောင်းလာနိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့် ဘယ်လောက်ပဲ နိုင်ငံရေးအရ ပြဿနာရှိနေပါစေ၊ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ရှိနေပါစေ၊Microfinance နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်ဆိုရင် အကူအညီပေးဖို့ အစီအစဉ်တွေရှိပါတယ်''ဟု စီးပွားရေးပညာရှင်တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့သည်။
အသွင်ကူးပြောင်းရေးကာလတွင် ဖြစ်လေ့ရှိသည့် လက္ခဏာတစ်ရပ်မှာ မူဝါဒပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးမှုများ အလုံအလောက် ရှိနေတတ်သကဲ့သို့ ပြင်ဆင်မှုများလည်း ရှိနေတတ်ကြောင်း၊ သို့သော် အကောင် အထည်ဖော်သည့်အပိုင်းတွင် အားနည်း ချက်များရှိနေသေးကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
''လက်ရှိ အခြေအနေမှာတော့ Microfinance Law ဆိုပြီး သီးသန့် မရှိရင်တောင် ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ ဥပဒေထဲမှာ ထည့်သွင်းပြီး ရေးဆွဲသွားမှာပါ။ ဒီကိစ္စအရေးကြီးပါတယ်။ ဒီဥပဒေမရှိရင် Institution တွေက ငွေချေးတာက တကယ်တမ်းမှာ တရားမ၀င်ပါဘူး။ Microfinance လုပ်မယ်ဆိုရင် အဖွဲ့အစည်းတစ်ခုရှိမယ်။ လုပ်ငန်းတစ်ခု ဖြစ်ရင်ဖြစ်မယ်၊ သူတို့က deposit ကို လက်ခံမယ်ဆိုရင် အနည်းနဲ့ အများတော့ risk ရှိတယ်။ အဲဒီအတွက် ပြဿနာမဖြစ်လာအောင် ဦးဆောင်မှုလိုပါတယ်။ အခုလောလောဆယ် ဥပဒေမရှိသေးတော့ မျက်စိ မှိတ် လုပ်နေရတဲ့အပိုင်းလည်း ရှိတယ်။ ဒါကြောင့် ဥပဒေပေါ်ပေါက်လာဖို့ မြန်မြန်လုပ်ဆောင်သွားမယ့် အစီအစဉ်ရှိတယ်လို့ သိရတယ်။ လွှတ်တော်ထဲမှာလည်း အတည်ပြုပြီးသွားပါပြီ'' ဟု နိုင်ငံတော်သမ္မတအကြံပေးတစ်ဦးက ပြောကြားခဲ့သည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်