သမ္မတရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ်၊ဇွန်လကုန်တွင် ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း အီဂျစ်စစ်ကောင်စီက နိုဝင်ဘာလ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ထိန်းချုပ် ရေးအတွက် အမြန်ဆုံးအာဏာ လွှဲပြောင်းပေးနိုင်မည့် လူထုဆန္ဒခံယူပွဲတစ်ခုကိုလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလအတွင်း သမ္မတမူဘာရက်ရာထူးမှ ဖြုတ်ချခံရပြီးနောက် အာဏာရယူခဲ့သည့် အီဂျစ်ဖီးမား ရှယ်ဟူစိန်တန်တာဝီက ဥပဒေပြု ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်မတိုင်မီ ၀န်ကြီးအဖွဲ့နုတ်ထွက်ရန် တင်ပြမှုကို လက်ခံပြီးဖြစ်ကြောင်း ရုပ်သံမိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။
အီဂျစ်စစ်ဘက်ကောင်စီအနေဖြင့် အာဏာကို ရေရှည်ဆုပ်ကိုင်ထားရန် ဆန္ဒမရှိကြောင်း၊ ပြည်သူများတောင်းဆိုပါက မိမိတို့၏ လုပ်ငန်းတာဝန်များကို ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ကာ အမြန်ဆုံးလွှဲပြောင်းပေး သွားမည်ဖြစ်ကြောင်း တန်တာဝီ ပြောကြားခဲ့သည်။
လက်ရှိဝန်ကြီးချုပ် အက်ဆမ်ရှာရက်ဖ်၏ အစိုးရအဖွဲ့ နုတ်ထွက်လွှာကို လက်ခံပြီးဖြစ်ကြောင်း၊ နောက်ထပ်အစိုးရသစ် ဖွဲ့စည်းပြီးချိန်အထိ တာဝန်များကို ဆက်လက်ထမ်းဆောင်ရန်နှင့် စစ်ကောင်စီနှင့် လက်တွဲကာ အသွင်ကူးပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ပြီးဖြစ်ကြောင်း တန်တာဝီက ဆက်လက်ပြောကြားခဲ့သည်။ နိုဝင်ဘာလ၂၈ ရက်နေ့တွင် ပါလီမန်ရွေးကောက်များနှင့် ၂၀၁၂ ခုနှစ် ဇွန်လကုန်တွင် သမ္မတရွေးကောက်ပွဲကို စစ်ကောင်စီက ပြုလုပ်ပေးမည် ဖြစ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ယင်းသို့ ကြေညာချက်များ ပြုလုပ်ခဲ့သော်လည်း ကိုင်ရိုမြို့၊ တဟီရာရင်ပြင်အတွင်းမှ စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြသူများက တန်တာဝီနုတ်ထွက်ပေးရန်နှင့် စစ်ကောင်စီဖျက်သိမ်းပေးရန်ကိုသာ တောင်းဆိုထားကြသည်။
ရွေးကောက်ပွဲကျင်းပရေး အစီအစဉ်ကို ခြိမ်းခြောက်နေသည့် မတည်ငြိမ်မှုများ မြင့်တက်လာသောကြောင့် ဆွေးနွေးမှုများပြုလုပ်ရန် စစ်ကောင်စီက အတိုက်အခံနိုင်ငံရေးအင်အားစုများကို ဖိတ်ခေါ်ထားပြီး အီဂျစ်နိုင်ငံ၏ အင်အားအကြီးဆုံး 'မွတ်ဆလင် ညီနောင်များ' အဖွဲ့က ဆွေးနွေးပွဲတွင် ပါဝင်ရန် သဘောတူညီထားသည်။ ယင်းအဖွဲ့တွင် သမ္မတရာထူးအတွက် ပါဝင်ယှဉ်ပြိုင်မည့် အာရပ်အဖွဲ့ချုပ် အကြီးအကဲဟောင်း အာမာမူဆာနှင့် လစ်ဘရယ်ဝါဖက်ပါတီ အကြီးအကဲ ဆာယက်ဘာဒါဝီတို့လည်း ပါဝင်ကြောင်း သိရသည်။
Ref:AFP












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်