အိန္ဒိယ၏ တာတာလုပ်ငန်းစုကို ဦးဆောင်ရန်အတွက် ဆက်ခံသူ ရွေးချယ်ရာတွင် မိသားစုဝင်မဟုတ်သူတစ်ဦးအား ရွေးချယ်ခဲ့ရာ အံ့အားသင့်စရာ ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။
တာတာလုပ်ငန်းစု၏ ဥက္ကဋ္ဌရာထူး တန်တာတာကို ဆက်ဆံမည့်သူအဖြစ် ဆိုင်ရက်စ်မစ္စထရီကို ရွေးချယ်ခဲ့ရာ သက်တမ်း ၁၄၃ နှစ်ရှိပြီဖြစ်သော လုပ်ငန်းကို မိသားစုဝင် မဟုတ်သူတစ်ဦးက ပထမဆုံးအကြိမ် ဦးဆောင်ရန် ရွေးချယ်ခံရခြင်းဖြစ်သည်။
လက်ရှိဥက္ကဋ္ဌ ရာတန်တာတာသည် ၂၀၁၂ ခုနှစ်အကုန်တွင် ရာထူးမှ အနားယူရတော့မည်ဖြစ်ပြီး မစ္စတာမစ္စထရီက ဒုတိယဥက္ကဋ္ဌအဖြစ်တစ်နှစ် အကြာ လေ့ကျင့်သင်ကြားမည်ဖြစ်သည်။ မစ္စထရီသည် တာတာလုပ်ငန်းကြီး ၏ ရှယ်ယာ ၁၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော ပါလွန်ဂျီမစ္စထရီ၏သား ဖြစ်သည်။ မစ္စတာမစ္စထရီ မိသားစုသည် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံချမ်းသာပြီး အိန္ဒိယတွင် သတ္တမမြောက် အချမ်းသာဆုံးဖြစ်သည်။ သံမဏိလုပ်ငန်း မှသည် ဆားလုပ်ငန်းအထိ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သော တာတာလုပ်ငန်းစုသည် အိန္ဒိယတွင် အကြီးဆုံးလုပ်ငန်းစုတစ်ခုဖြစ်သည်။
လက်ရှိဥက္ကဋ္ဌ ရာတန်တာတာသည် လူပျိုကြီးဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် မိသားစုစီးပွားရေးလုပ်ငန်း Tata Sons ကို လွှဲပြောင်းရယူခဲ့ပြီး လုပ်ငန်းကြီးအဖြစ် တည်ဆောက်အောင်မြင်စေခဲ့သူ ဖြစ်သည်။ တာတာ၏ ပိုင်ဆိုင်မှု သည် ဒေါ်လာ ၈၃ ဒ သမ ၃ ဘီလျံထိရှိသည်။ အသက် ၇၃ နှစ်အရွယ် တာတာသည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အနားယူမည်ဟု ကြေညာထားပြီး တာတာကို ဆက်လက်ဦးဆောင်ရန်အတွက် ခေါင်းဆောင်သစ်ကို ရှာဖွေနေခဲ့သည်။ အသက် ၄၃ နှစ်အရွယ် အင်ဂျင်နီယာ မစ္စထရီသည် တာတာတွင် ငါးနှစ်ကြာလုပ်ကိုင်ဖူးသည့် အတွေ့အကြုံရှိပြီး လက်ရှိဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
မစ္စထရီသည် မြို့ပြအင်ဂျင်နီယာဘွဲ့ကို လန်ဒန်တော်ဝင်ကောလိပ်မှ ရရှိထားပြီး လန်ဒန်စီးပွားရေးကျောင်းမှ မဟာဘွဲ့ကို ရရှိထားသည်။ တာတာလုပ်ငန်းစုကို ၁၈၆၈ ခုနှစ်တွင် ရာတန်တာတာ၏ အဘီဖြစ်သူ ဂျန်ဆက်ဂျီနူဆာဝမ်ဂျီတာတာက တည်ထောင်ခဲ့သည်။ တာတာသည် ကမ္ဘာတစ်ဝန်း၌ လူ ၄၂၅၀၀၀ ကျော်ကို အလုပ်ခန့်အပ်ထားသည်။
Ref:AFP,BBC












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်