အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်မူဝါဒညှိ နှိုင်းရေးမှူး သံအမတ်ကြီး ဒဲရစ်မစ် ချယ်လ်သည် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် လွန်ခဲ့သည့်သီတင်းပတ်က တွေ့ဆုံပြီး အမေရိကန်နိုင်ငံနှင့် တပ်မတော် ကြား ဆွေးနွေးမှုများကိုပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသို့ တတိယမြောက် ခရီးစဉ်အဖြစ် နိုဝင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ လာရောက်ခဲ့သည့် သံအမတ်ကြီး မစ်ချယ်လ်သည် ၎င်း၏ ခရီးစဉ်များအတွင်း ယခုကဲ့သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၄ ရက်နေ့က ၀ါရှင်တန် ဒီစီတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်း လင်းပွဲတွင် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စဗစ်တိုးရီးယားနုလန်က "ခုလို တပ်မတော်ပိုင်းက တာဝန်ရှိသူတွေနဲ့ သံ အမတ်ကြီး မစ်ချယ်လ်ရဲ့ တွေ့ဆုံ မှုတွေက ပထမဆုံးပါပဲ"ဟု သတင်းထောက်များကို ပြောခဲ့သည်။
သံအမတ်ကြီးမစ်ချယ်လ်နှင့် နိုဝင် ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ် သမားရုံးမှ လက်ထောက်အတွင်းရေးမှူး မိုက်ကယ်ပေါ်စနာတို့သည် ခရီးစဉ် အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာဝန်ကြီးဌာန ၀န်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်လည်း ခရီးစဉ်အတွင်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်ဟုလည်း မစ္စနုလန်က ပြောခဲ့သည်။
သီးသန့်တွေ့ဆုံမှုအနေဖြင့် သံအမတ်ကြီးက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး မိုက်ကယ် ပေါ်စနာက ပြည်ထဲရေး ၀န်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနှင့် တွေ့ဆုံခဲ့သည်။
ခရီးစဉ်အပြီး နိုဝင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းထောက် အချို့နှင့် သီးသန့်တွေ့ဆုံမှုတွင် သံအမတ်ကြီးမစ်ချယ်လ်က နှစ်နိုင်ငံကြား တွင် ကောင်းမွန်သည့် ဆက်ဆံရေး တစ်ခုကို တည်ဆောက်ခဲ့ပြီဟုဆိုသည်။
"ခုတစ်ခေါက်မှာ ကျွန်တော် တစ်ခါမှ မတွေ့ဆုံခဲ့ဖူးတဲ့သူတွေနဲ့ တွေ့ဆုံခဲ့တယ်။ ခေါင်းဆောင်ပိုင်းက လူတွေ အများကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရပါတယ်။ တွေ့ဆုံမှုတိုင်းက ရလဒ်ကောင်း တွေထွက်လာတယ်၊ စိတ်ဝင်စားစရာ ကောင်းတယ်၊ ပွင့်ပွင့်လင်းလင်းရှိတယ်၊ အောင်မြင်မှုလည်းရှိပါတယ်"ဟု ၎င်းက ပြောသည်။
မိုက်ကယ်ပေါ်စနာကလည်း ပြီးခဲ့ သည့်လက အကျဉ်းသားများလွှတ်ပေးခဲ့ သည့်အနက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ၂၀၀ ခန့်ပါဝင်မှု ကို အမေရိကန်အနေဖြင့် ကြိုဆိုကြောင်း နှင့် ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းခဲ့သည်။
"လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးရာ ကိစ္စတွေကို တကယ်စစ်မှန်တဲ့ အရင်းခံစိတ်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကို ပြနိုင်ဖို့ အခု ကိစ္စကအရမ်းကို အရေးကြီး ပါတယ်။ ကျွန်တော်တို့ အမေရိကန်အနေနဲ့လည်း လက်ရှိဒီမှာဖြစ်နေတာတွေနဲ့ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သင့် တယ်ဆိုတဲ့အပေါ် ကျွန်တော်တို့ စဉ်းစားတာတွေကို ပြောင်းလဲနေပါတယ်" ဟု ၎င်းက ပြောသည်။
ရတနာထွန်း












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်