
နေပြည်တော်တွင် ကျင်းပသော ဆင်းရဲမှုပပျောက်ရေး
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်း
စုကြည်အား ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်အတူ တွေ့ရစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
အထွေထွေရွေးကောက်ပွဲကြီး ပြီးစီးခဲ့သည်မှာ နိုဝင်ဘာ ၇ ရက်နေ့က တစ်နှစ်ပြည့်ပြီးနောက်တွင် မြန်မာနိုင်ငံ၌ သိသာထင်ရှားသည့် အပြောင်းအလဲတစ်ချို့ ပေါ်ပေါက်လာ ခဲ့ရာ ထိုအပြောင်းအလဲကို လက်ခံကြိုဆိုသူများ ရှိသကဲ့သို့ ထိုထက်ပိုမိုပြောင်းလဲဦးမည်လား ဟူသော မျှော်လင့်ချက် များဆက်လက်မျှော်လင့်သူများလည်း များပြားလျက် ရှိနေသည်။
နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စောင့် ကြည့်လေ့လာ သူများက သုံးသပ်ရာတွင် တစ်နှစ်အတွင်း သိသာသည့် အပြောင်း အလဲကြီးများတွင် အရပ်သား အစိုးရသစ်တက်လာခြင်း၊ နေအိမ် အကျယ်ချုပ်ကျနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီးနောက် အစိုးရသစ်မှ သမ္မတကြီးနှင့် တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့ခြင်းတို့ ဖြစ်ကြောင်း ပြောဆိုကြသည်။
တစ်နှစ်တာအတွင်း နိုင်ငံရေးလှုပ်ရှား ပြောင်းလဲမှုများမှာ လွန်ခဲ့သည့် အနှစ် ၂၀ ၀န်းကျင်နှင့်ယှဉ်ပါက အပြောင်း အလဲ ကြီးမားသဖြင့် လိုက်မီရန်ကြိုးစားရကြောင်းလည်း လေ့လာသုံးသပ်သူများက ပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ် တစ်လျှောက်တွင် ယခုတစ်နှစ် တာသည် သိသာထင်ရှားသည့် အပြောင်းအလဲ တစ်ခုအဖြစ် နိုင်ငံတကာကလည်း လက်ခံလာသည်နှင့် အတူ အမေရိကန်နှင့် အနောက်ဥရောပမှ ကိုယ်စားလှယ် များစွာသည်လည်း အစိုးရသစ် သာမက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူမှုရေး အဖွဲ့ အစည်းများနှင့်လည်း လာရောက်တွေ့ဆုံခဲ့ကြသည်။
ထိုအပြောင်းအလဲသည် ရေရှည်တည်တံ့ပြီး ဆက်လက် အရှိန်အဟုန် မြင့်လုပ်ဆောင်ရန်လည်း အဆိုပါ နိုင်ငံတကာ မှ ကိုယ်စားလှယ်များက အစိုးရသစ်ကို တိုက်တွန်းခဲ့ ကြသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဌ ဦးသုဝေကလည်း မြန်မာနိုင်ငံတွင် ပြောင်းလဲလာမှုသည် အစိုးရကိုယ်တိုင်က ပြောင်းလဲချင်သော ကြောင့် ဖြစ်ကြောင်း ဆိုသည်။
"ရွေးကောက်ပွဲပြီးတော့ တိုင်းပြည်က သိသိသာသာ ပြောင်းလဲလာပါတယ်။ အရင်တုန်းက တစ်ပါတီပုံစံကနေ အခုဆို ပါတီစုံ ဒီမိုကရေစီ စနစ်ကိုသွားနေပြီ။ ပြည်သူကနေ ရွေးကောက်လိုက်တဲ့ အစိုးရဖြစ်လာပြီ။ အစိုးရသစ်ကိုယ်တိုင် ကလည်း ဒီလိုပြောင်းလဲဖို့ ဆန္ဒရှိလာလို့လည်းဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ပဲခူးမြို့သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က မြို့ခံပြည်သူလူထုအား နှုတ်ဆက်နေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
သို့ရာတွင် ပြောင်းလဲလာသည့် အနေအထားတစ်ရပ်ကို အစိုးရ ပိုင်းမှပင် ကြိုက်နှစ်သက်မှု မရှိသည့်သူများ ရှိသလို အခြား အတိုက်အခံများဘက်ကလည်း ရှိနိုင်ကြောင်း ပြောသည်။
"ဒီလိုအပြောင်းအလဲဆိုတာကို အဆုံးအထိ မကြိုက်တဲ့ သူလည်း ရှိနေတာပဲ။ အခုလိုချင်တဲ့ ပန်းတိုင်ဆိုတာက ဒီမိုကရေစီနိုင်ငံတော်ကို ရောက်ဖို့ပဲ။ ပြည်သူတွေ ပျော်ပျော် ရွှင်ရွှင်ရဖို့ပဲ။ဒါပေမယ့် အခုဒါတွေ မလာသေးဘူး။အခုချိန် ကတော့ အပြောင်းအလဲကာလ တစ်ခုလည်း ဖြစ်နေတယ်" ဟု ဦးသုဝေက ပြောသည်။ အစိုးရသစ်သည် အစိုးရဟောင်း၏ ကောင်းမွေဆိုးမွေ ကိုလည်း ခံရမည်ဖြစ်ကြောင်း၊ ထိုအနေအထားတွင် လိုအပ် ချက်များကို ဖြေရှင်းရန် အစိုးရသစ်က အချိန်တော့ယူရမည် ဟု ဦးသုဝေက သုံးသပ်သည်။
"အစိုးရသစ်ကခြေလှမ်းတစ်လှမ်းခြင်းတော့သွားရမှာပဲ။ ဒီလိုသွားနေတဲ့အချိန်မှာ နိုင်ငံရေးပါတီတွေကလည်း ရောက်ချင်တဲ့ ပန်းတိုင်ရဖို့ တိုက်တွန်းရမယ်၊ တွန်းအားပေး ရမယ်"ဟု၎င်းကဆိုသည်။ အပြောင်းအလဲတစ်ခုစတင်နေချိန်တွင် လူတိုင်းထံတွင် အမြန်ဆုံး ပြုပြင်ပြောင်းလဲရေးကို လိုလားလျက်ရှိနေရာ ယင်းလိုလားချက်ကို ဟန်ချက်ညီညီ ဖြစ်စေရန် ကြိုးပမ်းရန်လည်းလိုသည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။
အစိုးရသစ်တက်လာပြီးနောက် ပြည်သူ့ကိုယ်စားလှယ် များဖြင့် တည်ထောင်ထားသည့် လွှတ်တော်များလည်း ပေါ်ပေါက်လာရာ လက်ရှိတွင် အင်အားအကြီးဆုံးပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်နေပြီး မှတ်ပုံမတင်ရသေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုလည်း အများပြည်သူက လွှတ်တော်နိုင်ငံရေးတွင် ပါဝင်စေလိုကြောင်း အသံများလည်း ယခုကာလတွင် ပေါ်ထွက်လာလျက် ရှိနေသည်။
ယင်းအနေအထားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေး မတင်ရေးသည် ပြည်သူများစိတ်ဝင်စားသည့် ကိစ္စ တစ်ရပ်ဖြစ်လာသည်။ မှတ်ပုံမတင်ရသေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးဝင်းတင်ကလည်း ရွေးကောက်ပွဲပြီးနောက် တစ်နှစ်တာ အတွင်း အပြောင်းအလဲကြီးတစ်ခုအဖြစ် နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို ရည်ညွှန်းပြောဆိုသည်။
"နိုင်ငံတော်သမ္မတနဲ့တွေ့ဆုံဖို့ဆိုတာ တခြားသာမန် လူတွေနဲ့ တွေ့တာ လောက်တော့ လွယ်ကူတာမဟုတ် ပါဘူး။ နိုင်ငံရေး သမားတစ်ဦးအနေနဲ့လည်း ဒေါ်အောင်ဆန်း စုကြည်က လူတိုင်းနဲ့ တွေ့နေဖို့လည်း မဖြစ်နိုင်ဘူး။ ဒီလို အချိန်မှာ သူတို့ နှစ်ဦး တွေ့ဆုံကြတယ်ဆိုတာ အပြောင်း အလဲတစ်ခုပါပဲ" ဟု ဦးဝင်းတင်က ပြောသည်။ "တွေ့ဆုံမှုမပြုခင်ကပဲ သူတို့မှာ အခြေခံ ကျတဲ့စည်းမျဉ်း မူဘောင်တွေ ချမှတ်မှုရှိပြီးသားအပြင် ယုံကြည်ချက်လည်း ရှိပြီးသားပါ"ဟု ၎င်းက ဆက်လက်ပြောသည်။
အချို့သူများ၏ အမြင်တွင် ယခုအစိုးရသည် ယခင် အစိုးရနှင့် အတူတူပင်ဟု ယူဆလျက် ရှိနေကြကြောင်း၊ သူ့အမြင်တွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ကြောင်း ပြောသည်။
"အခုအစိုးရဟာ အရင်အစိုးရရဲ့တစ်စိတ်တစ်ပိုင်းလို့ ပြောလို့ရနိုင်သလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး အပြောင်း အလဲတစ်ခုကို သယ်ဆောင်ပေးနိုင်တဲ့ သူလို့ မြင်တယ်" ဟု ဦးဝင်းတင်ကပြောသည်။
ယခု အပြောင်းအလဲသည် စစ်မှန်သော ပြောင်းလဲခြင်း ဖြစ်လာမလာကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည်ဟု ၎င်းက ပြောသည်။
နာရေးကူညီမှုအသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေကလည်း နိုင်ငံရေးနှင့် ပတ်သက်ပြီး သေချာစွာ နားမလည်သည့်တိုင် ပြည်သူတစ်ဦး အနေဖြင့်မူ နိုင်ငံပြောင်းလဲ လာသည်ကို တွေ့ရကြောင်းပြောသည်။
"ကျွန်မအမြင်ကတော့ အပြောင်းအလဲတစ်ခု ဖြစ်လာ တယ်လို့တော့ တွေ့ရတယ်။ ဒါပေမယ့် ဒီထက်ပိုပြီးကဏ္ဍ တိုင်းမှာ ပြောင်းလဲ တာမျိုးလိုချင်တယ်။ ဥပမာ ယုံကြည်ချက် ကြောင့်အကျဉ်းကျနေတဲ့ အကျဉ်းသားတွေအကုန်လွှတ် စေချင်တယ်။ ဒီလိုသာ လွှတ်ပေးမယ်ဆိုရင် အခုအစိုးရကို ယုံကြည်မှုက အရင်ထက်ပိုလာမှာ အသေချာပါပဲ" ဟု ၎င်းက ပြောသည်။
သို့ရာတွင် သူမအနေဖြင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် ယခင်ကကဲ့သို့ အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း ပြောသည်။
"ကျွန်မတို့ သုခမျက်စိဆေးခန်းကို အခုထိဖွင့်ခွင့် မရသေးဘူး။ လက်ရှိမှာတော့ ကျွန်မတို့ ပညာရေးပိုင်းကို ဦးတည် ပြီးဆောင်ရွက် နေပါတယ်"ဟု ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။
မကြာသေးခင်က မြစ်ကြီးနားထောင်တွင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရာမှ လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာကလည်း ယခုကာလသည် သိသာသည့် အပြောင်း အလဲကာလ တစ်ခုအဖြစ်မြင်ကြောင်း ဆိုသည်။
"ဥပမာ သတင်းလွတ်လပ်ခွင့်တွေ အများကြီးရလာ တယ်။ မြစ်ဆုံဆည် ကိစ္စတို့ဆိုရင် အစိုးရက ရပ်ဆိုင်းလိုက်ရ တယ်။ ဒါတွေကို သတိပြုမိတယ်။ အရင်ကဆို ဒါမျိုးမှန်း တောင်မမှန်းထားခဲ့ဖူးဘူး"ဟု ကိုသူရ (ခေါ်) ဇာဂနာက ပြောသည်။
"ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာတင် မီဒီယာပိုင်းမှာ တော်တော်အပြောင်းအလဲ ဖြစ်လာတယ်။ ဆက်ပြီးတော့ လွတ်လပ်ပြီး နေ့စဉ်ထုတ် သတင်းစာတွေ ဖတ်ခွင့် ရဖို့ကိုပါ မျှော်လင့်တယ်" ဟု လူရွှင်တော် ဇာဂနာက ပြောသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်