မြန်မာနိုင်ငံအနေဖြင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပြီး အဓိကလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းရေးအတွက် ပို့ကုန်ရငွေ (earning) စနစ်ပယ် ဖျက်ရန် ပြင်ဆင်လျက် ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးပညာရှင်များထံမှ သတင်း ရရှိပါသည်။
“ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့နဲ့ ရေရှည်ဖွံ့ဖြိုးမှု ဖြစ်ပေါ်စေဖို့ ဆောင်ရွက်နေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပို့ကုန်ရငွေစနစ် ပယ်ဖျက်သွားဖို့ ရှိတယ်။ ဒီကိစ္စ အကောင်အထည်ဖော်ပြီးရင် ငွေလဲနှုန်းထားတစ်ခု လျော့သွားမှာ ဖြစ်သလို ကုန်သွယ်ရေးလည်း တိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် သွားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေ အဘက်ဘက်ကလုပ်ဖို့ လိုပါတယ်။ အဓိက က ပို့ကုန်ကဏ္ဍကိုမြှင့် တင်နိုင်ဖို့ ကြိုးပမ်းသွားရမှာပါ”ဟု အကြံပေး ပညာရှင်တစ်ဦးက ပြော ကြားပါသည်။
| ပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ဖို့ အချိန် ခြောက်လလောက် ယူရနိုင်ပါတယ်။ အဲဒီကာလအတွင်းမှာ ပို့ကုန် ရငွေစနစ်လည်း မရှိနိုင်တော့ဘူး။ ငွေလဲနှုန်းတစ်မျိုးတည်း ပေါင်းစည်းရေး ကိစ္စလည်း တော်တော် ခရီးရောက်နေလောက်ပါပြီ။ |
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အစိုးရမှ တရားဝင်သတ်မှတ်ထားသော ငွေလဲနှုန်း၊ ပြင်ပငွေလဲနှုန်း၊ အက်ဖ်အီးစီငွေလဲနှုန်း၊ ပို့ကုန် ရငွေ ငွေလဲနှုန်း၊ ဟွန်ဒီငွေလဲနှုန်း စသည်ဖြင့် အမျိုးမျိုးဖြစ်ပေါ်လျက် ရှိကြောင်း သိရပါသည်။
အစိုးရအဖွဲ့အနေဖြင့် သြဂုတ်လတွင် ပြုလုပ်သော စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲမှ စတင်ကာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ အပါအ၀င် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဟု တရားဝင် ထုတ်ပြန်ခဲ့သည်။ ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းနိုင်ရန် အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ လာရောက်ဆွေးနွေးခဲ့ကာ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ထပ်မံလာရောက်မည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။
“နိုင်ငံခြား ဘဏ်လုပ်ငန်းကို ပုဂ္ဂလိကဘဏ်တွေ လုပ်ကိုင်ခွင့် ရထားပါတယ်။ ဗဟိုဘဏ်အနေ့နဲ့ ဘဏ်တွေကို လုပ်ကိုင်ခွင့်တိုးမြှင့် ပေးနေသလို ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုင်တွယ်သွားမယ်လို့ သိရတယ်။ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်သွားမယ်လို့ သိရတယ်။ ပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်ဖို့ အချိန်ခြောက်လလောက် ယူရနိုင်ပါတယ်။ အဲဒီကာလ အတွင်းမှာ ပို့ကုန်ရငွေစနစ်လည်း မရှိနိုင်တော့ဘူး။ ငွေလဲနှုန်းတစ်မျိုးတည်း ပေါင်းစည်းရေးကိစ္စလည်း တော်တော် ခရီးရောက် နေလောက်ပါပြီ”ဟု ပုဂ္ဂလိကဘဏ် တစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးက ထင်မြင်ချက်ပေးပါသည်။
နိုဝင်ဘာလ ၁၁ ရက်တွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်းထားများမှာ အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၇၇၀၊ ၀ယ်ဈေး ကျပ်၇၈၀၊ အက်ဖ်အီးစီတစ်ယူနစ် လျှင်ရောင်းဈေး ကျပ် ၇၇၀၊ ၀ယ် ဈေး ကျပ် ၇၈၀ နှင့် ပို့ကုန်ရငွေ တစ်ယူနစ်လျှင် ကျပ် ၈၁၅-၈၂၀ ကြားဖြစ်ကြောင်း ဈေးကွက်အတွင်း မှ သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်