ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, May 29, 2012

ရွှေအခွန်ကြွေးကျန်များ ပေးဆောင်ရန် ကျန်ရှိမှုအပေါ် ရွှေထုတ်လုပ်သူ လုပ်ငန်းရှင်များ အသနားခံစာတင်မည်


ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
ရွှေထုတ်လုပ်မှုနှင့် ပတ်သက်သည့် ရွှေအခွန်ပေးသွင်းရန် ကျန်ရှိသော ကုမ္ပဏီများကို ထုတ်ပြန်ကြေညာထားပြီး သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက နာမည်ပျက်စာရင်းသွင်းခြင်း၊ ဥပဒေအရ အရေးယူခြင်း ပြုမည့် အပေါ် ရွှေထုတ်လုပ်သူ လုပ်ငန်းရှင်များက အသနားခံစာတင် ပြသွားမည်ဟု သတင်းရရှိပါသည်။

အသိပေးကြော်ငြာထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုမ္ပဏီများသည် ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ပေးသွင်းရန် ကျန်ရှိသည့် ရွှေစင်သတ္တုများအား အပြီးပေးသွင်းသွားရန်နှင့် ပေးသွင်းခြင်းမရှိပါက တည်ဆဲတရား ဥပဒေများ၊ လုပ်ငန်းစာချုပ်တွင် ပါရှိသည့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည့်အပြင် သက်ဆိုင်ရာကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား အမည်ပျက် စာရင်း(Black List) ကြေညာမည်ဖြစ်ကြောင်း ရွှေအခွန်ကြွေးကျန်ရှိနေသည့် ကုမ္ပဏီ ၃၀၀ ၏ အမည်စာရင်းများကို သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် ရွှေထုတ်လုပ်ငန်းရှင်များမှ စုစည်းကာ အသနားခံစာတင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ အသနားခံစာတွင် အဓိကအားဖြင့် ရွှေအခွန် ကြွေးကျန်များအား မပေးဟု မပါဝင်ဘဲ ပေးသွင်းရန် သတ်မှတ်ထားသည့် ရက်အပိုင်းအခြားအား ထပ်မံ တိုးမြှင့်ပေးစေလိုခြင်း၊ အကြောင်းကြောင်းကြောင့် ရွှေထုတ်လုပ်ငန်း လုပ်ကိုင်ခွင့်မရခဲ့သည့် ကာလများအပေါ် ပြန်လည်သုံးသပ်ကာ ဖြေလျော့ပေးစေလိုခြင်း စသည်တို့ ပါဝင်သည်။
''ကျွန်တော်တို့ မလုပ်နိုင်ခဲ့တဲ့ အနေအထားတွေ ရှိတယ်။ စာချုပ်ချုပ်ပြီးကတည်းက နယ်မြေအခြေအနေကြောင့် မသွားနိုင်၊ မလုပ်နိုင်ခဲ့တဲ့သူတွေ ရှိတယ်။ ကချင်ပြည်နယ်မှာဆို ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာပေါ့၊ အနည်းဆုံး လေးလလောက်က လုပ်ကွက်မှာ ရေလွှမ်းမိုးနေတယ်။ တကယ်တော့ လုပ်ငန်းရှင်တွေလုပ်လို့ မရဘူးဆိုတာ သက်ဆိုင်ရာက သိမှာပါပဲ။ လုပ်ကွက်တွေ ရပ်ဆိုင်းထားတာ၊ နားထားတာ မျက်မြင်ပဲ။ သက်ဆိုင်ရာ ပြည်နယ်သတ္တုတွင်းကိုလည်း စာပို့ထားတာလည်း ရှိပါတယ်။ လုပ်ငန်းရှင်တွေက အခွန်ဖြေလျော့ပေးမယ် ထင်ခဲ့တာပေါ့။ အခုကျတော့ အားလုံး ကြေညာတဲ့အထဲမှာပါလာတာ တွေ့ရတယ်''ဟု ကချင်ပြည်နယ်ရှိ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၂)သတ္တုတွင်းလုပ်ငန်းမှ အသိပေးကြော်ငြာချက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွှေသတ္တု အသေးစားတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများသည် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် လုပ်ငန်းစာချုပ်ပါ သဘောတူညီချက်များအတိုင်း နိုင်ငံတော်သို့ ပေးသွင်းရမည့် ၁၄ ပဲရည်နှင့်အထက် ရွှေစင်သတ္တုများအား သတ်မှတ်ချက်အတိုင်း ပေးသွင်း ရမည်ထက် လျော့နည်းပေးသွင်းခြင်း၊ လုံးဝ ပေးသွင်းမှုမရှိခြင်းတို့ကြောင့်  နိုင်ငံတော်သို့ ရွှေစင်သတ္တုများ ပေးသွင်းရန် ကျန်ရှိနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အကြောင်းကြားခဲ့ကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ၁၆ ပဲရည် ရွှေစင်သတ္တုများကို ပေးသွင်းရန် အချို့သော ကုမ္ပဏီများမှ ကျန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရှိရသည်။
''ဖြေလျော့ပေးစေချင်တာ သုံးချက် ရှိပါတယ်။ တစ်အချက်ကတော့ ရက်ရွှေ့ဆိုင်းပေးဖို့၊ နှစ်အချက်တော့ ကြွေးကျန်တွေကို ပြန်စိစစ်ပေးဖို့၊ နောက်ပြီး ကြွေးကျန်တာတွေကိုလည်း အလုပ်လုပ်ရင်း ဆပ်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။ အရင်အစိုးရလက်ထက်က ကျန်ခဲ့တာကို အခုအ စိုးရလက်ထက်မှာ တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ တင်ပြချင်တာပါ။ ကုမ္ပဏီ ၃၀၀ ကို Black list  ကြေညာမယ်ဆိုပါစို့၊ ကုမ္ပဏီတစ်ခုမှာဆို မှီခိုနေရတဲ့သူ ၃၀ လောက်ရှိတယ်။ တချို့မှာ ၄၀၊ ၅၀ လောက်ရှိတယ်။ ၃၀၀ ဆို ထောင်ပေါင်းများစွာ ရှိပါတယ်။ အများစုက ကျေးလက်တွေက လူတွေပါ။ ကုမ္ပဏီတွေရပ်ရင် အလုပ်လက်မဲ့တွေ များလာမှာပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဆုံးရှုံးမှာပဲ။  လုပ်ကွက်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ဖြေလျော့တာတွေ၊ အမှန်တကယ် ပေးသွင်းရမှာကိုပဲ ပေးသွင်းခိုင်းတာတွေ ဖြစ်စေချင်ပါတယ်''ဟု ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရှင်ဗွေယန် တိုးတက်ရေးကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်တာက ပြောပြသည်။
အသိပေးကြော်ငြာမှုတွင် ပါရှိသည့် ရွှေထုတ်လုပ်မှုလုပ်ငန်း၊ ကုမ္ပဏီများတွင် ကချင်ပြည်နယ်ရှိ ကုမ္ပဏီ ၁၀၄ ခု၊ ကရင်ပြည်နယ်ရှိ ကုမ္ပဏီကိုးခု၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုမ္ပဏီ ၁၁၅ ခု၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကုမ္ပဏီနှစ်ခု၊ ပဲခူးတိုင်းဒေသကြီးရှိ ကုမ္ပဏီခုနစ်ခု၊ မန္တလေးတိုင်းဒေသကြီး (စဥ့်ကူးမြို့နယ်)တွင် ကုမ္ပဏီ ၁၅ ခု၊ မန္တလေးတိုင်းဒေသကြီး (ရမည်းသင်းမြို့နယ်) တွင် ၂၁ ခု၊ မန္တလေးတိုင်းဒေသကြီး  (သပိတ်ကျင်းမြို့နယ်) တွင် ကုမ္ပဏီ ၁၄ ခု၊ မန္တလေးတိုင်းဒေသကြီး (သာစည်မြို့နယ်) တွင် ကုမ္ပဏီတစ်ခု၊ မွန်ပြည်နယ်တွင် ကုမ္ပဏီလေးခု၊ ရှမ်းပြည်နယ်တွင် ကုမ္ပဏီကိုးခု ပါဝင်ခဲ့သည်။
''အကြွေးကျန်တဲ့လုပ်ငန်းရှင် ၉၀ ဦးကိုကျတော့ ဖုန်းဆက်သွယ်ပြီး သတင်းစာက ကြေညာမယ့်စာရင်းထဲ မထည့်ဘူး။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းထဲမှာ အလတ်တန်းစား ကုမ္ပဏီအများစုကတော့ ဖုန်းဆက်သွယ်ပြီး အကြောင်းကြားခြင်း မခံရဘူး။ အကြွေးပေးရမယ့်သူအချင်းချင်း ကုမ္ပဏီကြီးတွေ မပါဘူး။ အကြွေးပေးဖို့ ဖုန်းနဲ့ဆက်လို့ ချန်ထားခဲ့တယ်ဆိုပြီး ကျန်တဲ့ကုမ္ပဏီငယ်လေးတွေ၊ အလတ်တွေ အကုန်ထည့်ကြေညာတယ်။ ချန်ထားချင်တဲ့သူကျတော့ ချန်ထားလို့ရအောင် လုပ်ပေးလိုက်သလို ဖြစ်နေတယ်။ အခု ဘယ်နေရာမှာဖြစ်ဖြစ် အလတ်တန်းစား လုပ်ငန်းရှင်တွေပဲ ထိခိုက်နေတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ အရင်အစိုးရလက်ထက်မှာ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး၊ ရှေ့နေချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့က ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး ၂၀၀၇ ခုနှစ်ကစလို့ အခွန်ကြွေးကျန်တွေ ရှိတဲ့အတွက် ဒဏ်ကြေးတပ်ရိုက်မယ်ဆိုပြီး စည်းဝေးဆုံးဖြတ်ခဲ့တယ်။ အဲဒီအတွက် ဒဏ်ကြေးအဖြစ် ရွှေအပြင် ငွေပါ နှစ်မျိုးစလုံးနဲ့ ပေးဆောင်ရပါတယ်။ မြန်မာ့သတ္တုတွင်း ဥပဒေရဲ့ အခန်း(၉)က စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်း အခန်းပါ။ အဲဒီ အခန်း(၉)ရဲ့ ပုဒ်မ ၂၈။ ပုဒ်မ ခွဲ(ခ)မှာ ဒဏ်ကြေးပေးဆောင်စေပြီး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုခြင်းလို့ ပါတယ်။ ကျွန်တော်တို့က ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတုန်းက ဒဏ်တပ် ရိုက်ခံရလို့ ရွှေနဲ့ငွေသားပါ ပေးဆောင်ခဲ့ပြီးပါပြီ။ အဲဒါပြီးစီးပြီလို့ ယူဆထားတာ။ အခုကြေညာခံရတော့မှ ဟိုတုန်းက ဒဏ်ကြေးဆောင်ရတာက ဘာမှ အကျုံးမ၀င်မှန်း သိတော့တယ်''ဟု စစ်ကိုင်းတိုင်းဒေသကြီး၌ ရွှေတူးဖော်သူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
''ကျွန်တော်တို့လို ကုမ္ပဏီအလတ်၊ အငယ်တွေအတွက်တော့ ဆုံးရှုံးနစ်နာမှုတွေ ရှိနိုင်ပါတယ်။ စီးပွားရေး အခွင့်အလမ်းတွေ ဖွံ့ဖြိုးလာတဲ့အချိန်မှာ ကျွန်တော်တို့လည်း ပူးပေါင်း လုပ်ကိုင်ချင်ပါတယ်။ ကြွေးကျန်တွေအတွက် အချိန်တစ်ချိန်တော့ ပေးစေချင်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ကုမ္ပဏီအားလုံးနဲ့ တွေ့ပြီး ညှိနှိုင်းပြီးတဲ့အခါမှာ အသနားခံစာတင်ဖို့ရှိပါတယ်။ တခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေကလည်း တင်ထားတယ်လို့ ကြားပါတယ်''ဟု ကချင်ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားမှုကြောင့် မေလ ၂၄ ရက်နေ့အတွင်း ကြွေးကျန်များအား ပေးသွင်းပါမည်ဟု အကြောင်းပြန်ခဲ့သော ကုမ္ပဏီ ၉၀ ရှိကြောင်း သိရသည်။
ယင်းသို့ အကြောင်းပြန်ခဲ့သည့်အတွက် အစိုးရသတင်းစာမှတစ်ဆင့် အသိပေးကြော်ငြာမှုတွင် ဖော်ပြခဲ့ခြင်းမရှိကြောင်းနှင့် အဆိုပါကုမ္ပဏီများတွင် ဦးနေ၀င်းထွန်း၏ ပတ္တမြားနဂါးကုမ္ပဏီ၊ ဦးဝင်းမြင့်၏ ရွှေနဂါးမင်း (ကျောက်မျက်ကုမ္ပဏီ)၊ ဦးစိုးထွန်းရှိန်၏ အမျိုး သားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ ဦးတေဇ၏ ထူးကုမ္ပဏီ၊ ဦးစိုင်းမောင်အေး၏ ထာဝရ(ကျောက်ပုထိုး)ကုမ္ပဏီ၊ ဦးမြင့်ဝေ၏ ၀မင်းကုမ္ပဏီစသည်တို့ ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရွှေသတ္တုအသေးစား တူးဖော်ရေးလုပ်ငန်းများသည် သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု သိရှိရသည်။
ဧက ၂၀ ဖြင့် ရွှေတူးဖော်ရေး လုပ်ကွက်များကို သတ္တုတူးဖော်ရေး ကုမ္ပဏီများက လုပ်ကိုင်လျက်ရှိကြပြီး လုပ်ကွက်တစ်ခုလျှင် တစ်လ ရွှေနှစ်ကျပ်သားနှုန်းဖြင့် တစ်နှစ်လျှင် ရွှေ ၂၄ ကျပ်သား ပေးဆောင်ရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com