ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးအမြင်နှင့်သာ ထိန်းသိမ်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
ဇွန်လ ၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ ပြဿနာများဖြစ်နေသည့် တရားဥပဒေစိုးမိုးရေးပေါ်နှင့် နောက်ကွယ်တွင် လှုံ့ဆော်သူများရှိနေနိုင်မည်ကို စိုးရိမ်မိကြောင်းနှင့် ပြည်သူများသည်လည်း လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်း အေးချမ်းစေရေး၊ နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် ဒေါသအလျှောက် မပြုလုပ်ကြပါရန် မေတ္တာရပ်ခံခဲ့သည်။
''တစ်ချို့ကျတော့ အခြေအနေတွေကို မတည်ငြိမ်အောင်လှုံ့ဆော်တာ မဟုတ်ဘူး။ စင်မြင့်ရှိရင် ထပြီး တက်ပြီး အော်ချင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီလိုအော်တဲ့အခါကျတော့ ဒီလိုအော်ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံအတွက် လူမှုအသိုင်းအ၀ိုင်းအတွက် အကျိုးရှိသလား၊ မရှိဘူး လားဆိုတာကို မဆင်မခြင်ဘဲနဲ့ ထပြီးတော့ အော်မယ်ဆိုလို့ရှိရင် မလိုလားအပ်ဘဲ ပြဿနာတွေကို ကြီးထွားလာနိုင်စေပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆို လုံလုံခြုံခြုံရှိတယ်ဆိုတဲ့ အသံမျိုးပဲ ဖြစ်စေချင်တယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို ပိုကြီးထွားအောင်လို့ လုပ် နေတာမျိုးကိုတော့ သတိပြုပြီးတော့ ရှောင်စေချင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဆက်လက်၍ တရားဥပဒေစိုးမိုးရေးအတွက်လည်း ပထမပြဿနာ အရေးအခင်း ရာဇ၀တ်မှုတစ်ခု ဖြစ်ပွားပါက ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်မည်ဆိုပါက ပြဿနာများ ကြီးထွားလာနိုင်မည်မဟုတ်ကြောင်း၊ ယခုဖြစ်စဉ်များသည် ဥပဒေပိုင်းဆိုင်ရာအဖွဲ့အစည်း များကသာ ဖြေရှင်းရမည့် ပြဿနာများသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတူ နယ်ပယ်အသီးသီးမှ ထင်ရှားသူများကလည်း ယင်းဖြစ်စဉ်များမှတစ်ဆင့် မလိုလားအပ်သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း အသွင်မဖြစ်ပေါ်စေရေးအတွက်လည်း မေတ္တာရပ်ခံထားကြသည်။

0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်