ဥရောပခရီးစဉ်ထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်
ထိုင်းနိုင်ငံမှတစ်ဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ညီလာခံတွင် မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ ထို့နောက် ဇွန်လ ၁၅ ရက်နေ့တွင် နော်ဝေနိုင်ငံ အော်စလိုမြို့သို့ သွားရောက်ကာ ဇွန်လ ၁၆ ရက်နေ့၌ ငြိမ်းချမ်းရေး နိုဗယ်ဆုကို ကိုယ်တိုင် လက်ခံရယူမည်ဖြစ်သည်။ ဆက်လက်၍ အိုင်ယာလန်နိုင်ငံသို့ ဇွန်လ ၁၈ရက်နေ့တွင် သွားရောက်ကာ U2 တေးဂီတအဖွဲ့၏ ဖျော်ဖြေပွဲသို့ သွားရောက်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)မှ ချီးမြှင့်သော Ambassador of Conscience ဆုကို လက်ခံရယူမည်ဖြစ်သည်။
ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် ညပိုင်းတွင် ဗြိတိန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့အထိ နေထိုင်မည်ဖြစ်ကာ ဗြိတိန် အထက်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ထို့အပြင် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ် ပြည့်မွေးနေ့ကိုလည်း ဗြိတိန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။
ဇွန်လ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်မှာ ယင်းနိုင်ငံများမှ အစိုးရများမှ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံတိုင်းအသီးသီးမှာကွာခြား မှုများရှိကြောင်းနှင့် အခြားနိုင်ငံများသို့ ရောက်သောအခါ မြန်မာနိုင်ငံသည် မည်မျှ နောက်ကျနေသေးသည်ကို သိရလိမ့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်မှာ ၂၄ နှစ်အတွင်း ဒုတိယမြောက် ပြည်ပ ခရီးစဉ်ဖြစ်ပြီး မေလ ၂၃ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ ခြောက်ရက်ကြာ သွားရောက်ခဲ့သည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်