
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို စံပြဈေးအနီးတွင် သြဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်
''မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ ရန်ကုန်မြို့ရဲ့ ဘတ်စကားလိုင်းတွေ အဆင့်မီမီတိုးချဲ့နိုင်ဖို့ အမေရိကန်ဒေါ်လာ ၄၅၀ ဒသမ ၆၈၃ သန်း ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်''ဟု ဂျပန်ကားကုမ္ပဏီဥက္ကဋ္ဌ မစ္စတာကာဇူဟီစာအီဂါမိုတိုက ပြော ကြားခဲ့သည်။
''တိုင်းပြည်တိုးတက်ဖို့ဆိုရင် (၁) တိုင်းသူပြည်သားတွေရဲ့ ပညာရေးကဏ္ဍ တိုးတက်ရမယ်၊ (၂)တိုင်းပြည်ရဲ့ သယံဇာတ ကြွယ်ဝရမယ်၊ (၃)အချက်ကတော့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ဖို့ပါပဲ။ လက်ရှိ မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍဟာ မဖွံ့ဖြိုးဘူးဆိုတာ ကျွန်တော်တို့ ခံစားရပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဥက္ကဋ္ဌ မစ္စတာ ကာဇူဟီစာအီဂါမိုတိုက ပြောကြားခဲ့သည်။
ဆက်လက်ပြီး ''မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ်ကားတွေကို ပြုပြင်နိုင်တဲ့သူ မရှိသလောက်ပဲ။ အခုကျွန်တော်တို့ ဖွင့်လှစ်ပေးမယ့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းကနေ ဒီပလိုမာ အောင်လက်မှတ် ရသွားမယ်ဆိုရင် နောက်ဆုံးပေါ် ကားအားလုံးကို ပြုပြင်နိုင်မယ်လို့ ကျွန်တော် အာမခံပါတယ်။ မော်တော်ယာဉ်မောင်းသင်တန်းကျောင်းကနေ အောင်လက်မှတ်ရသွားရင်လည်း တစ်ကမ္ဘာလုံး ဘယ်နိုင်ငံကိုပဲသွားသွား အဆင့်မီမီ မောင်းနှင်နိုင်တယ်ဆိုတာ အာမခံရဲပါတယ်။ ဒီလိုသင် တန်းကျောင်းတွေ ဖွင့်လှစ်ဖို့နဲ့ ရန်ကုန်မြို့မှာ ဘတ်စကားလိုင်းတွေ အဆင့်မြှင့်တင်ဖို့ကိုလည်း အမေရိကန်ဒေါ်လာ သန်း ၄၅၀ ဒသမ ၆၈၃ ရင်းနှီးမြှုပ်နှံသွားမှာပါ''ဟုလည်း မစ္စတာအီဂါမိုတိုက ပြောကြားသွားခဲ့သည်။

ယင်းကဲ့သို့ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်း ဖွင့်လှစ်မှုများအား ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်ကားကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်မြို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အဝေးပြေး ဘတ်စကားပြေးဆွဲခြင်း လုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေးအတွက် ထရပ်ကားများ ပြေးဆွဲခြင်းနှင့် ရန်ကုန်မြို့တွင်း ဘတ်စကားများ ပြေးဆွဲခြင်းလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အကျိုးတူ ပူးပေါင်းမှုမှ ဂျပန်ကားကုမ္ပဏီမှ ၆၀ ရာခိုင်နှုန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ၄၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သော်လည်း ဂျပန်ကားကုမ္ပဏီမှ ၁၅ ရာခိုင်နှုန်းအား မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍပိုမို တိုးတက်ကောင်းမွန်စေရန် မြှုပ်နှံပေးမည်ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ၅၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဂျပန် ကားကုမ္ပဏီအနေဖြင့် ကျန်ရှိသည့် ၄၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအား မြန်မာနိုင်ငံအတွင်းရှိ ဆက်လက်လုပ်ကိုင်မည့်လုပ်ငန်းများတွင် ပြန်လည်မြှုပ်နှံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၂ခုနှစ် မေလကုန်အထိ ဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းသော ယာဉ်အစီးရေမှာ ငါးဆကျော် တိုးတက်ခဲ့သော်လည်း အများပြည်သူ နေ့စဉ် အသုံးပြုနိုင်သည့် ဘတ်စကားတင်သွင်းမှုမှာ အနည်း ဆုံးဖြစ်နေပြီး စုစုပေါင်းတင်သွင်းလာသည့် ယာဉ်အစီးရေ၏ သုည ဒသမ ၈၁ ရာခိုင်နှုန်းသာရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်များတွင် ခရီးသည်တင် ဘတ်စကား ရွေးချယ်စီးနင်းသူ ၈၄ ရာခိုင်နှုန်းရှိပြီး ကိုယ်ပိုင်ကား စီးနင်းသူ ခြောက်ရာခိုင်နှုန်းနှင့် တက္ကစီကားစီးနင်းသူ ငါးရာခိုင်နှုန်းရှိကာ မီးရထားနှင့် အခြား သယ်ယူပို့ဆောင်ရေးစနစ်တွင် ငါးရာခိုင် နှုန်းရှိကြောင်း ၂၀၁၁ ခုနှစ်အတွင်း မြို့ပြသယ်ယူပို့ဆောင်ရေးဆိုင်ရာ ပညာရှင်များ ကောက်ယူထားသည့် စစ်တမ်းများအရ သိရှိရသည်။
ဂျပန်ကားကုမ္ပဏီမှ ၂၀၁၂ခု နှစ် နှစ်ကုန်ပိုင်းတွင် ဘတ်စကားအစီးရေ ၃၀၀ စတင်ပြေးဆွဲမည်ဖြစ်ပြီး အစီးရေ ၃၀၀၀ တင်သွင်းမည်ဖြစ်ကာ ရန်ကုန်မြို့၏ ဘတ်စကားစီးနင်းသူများ အဆင်ပြေသည်အထိ ဘတ်စကားများ ဆက်လက်တင်သွင်းသွားမည် ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်း လင်းပွဲတွင် နှစ်ဘက်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နှစ်အလိုက် မော်တော်ယာဉ်တင်သွင်းမှုအခြေအနေ | |||
---|---|---|---|
စဉ် | နှစ် | စုစုပေါင်းမော်တော်ယာဉ်အစီးရေ | မော်တော်ဆိုင်ကယ်အစီးရေ |
၁။ | ၁၉၉၀ | ၁၇၄၉၇၀ | ၄၁၉၁၇ |
၂။ | ၁၉၉၅ | ၂၉၁၀၀၆ | ၈၂၅၂၈ |
၃။ | ၂၀၀၀ | ၄၃၈၈၃၄ | ၁၇၄၅၅၃ |
၎။ | ၂၀၀၄ | ၉၆၀၃၄၁ | ၆၃၈၃၈၆ |
၅။ | ၂၀၀၈ | ၁၉၉၄၃၅၈ | ၁၆၀၈၇၇၂ |
၆။ | ၂၀၁၀ | ၂၂၉၁၆၇၅ | ၁၈၇၇၅၉၆ |
၇။ | ၂၀၁၂ | ၂၃၇၈၃၅၅ | ၁၉၆၇၅၅၉ |
Ref: ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန |
0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်