လတ်တလော ဖြစ်ပေါ်နေသော အလုပ်သမား ဆန္ဒထုတ်ဖော်သော ကိစ္စများကို ဖြေရှင်းနိုင်ရန် အများပြည်သူလေးစားသည့် ပုဂ္ဂိုလ်များပါဝင်သော စုံစမ်းရေးကော်မရှင်ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းပါကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဥက္ကဋ္ဌဦးသိန်းညွန့်က ပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ဦးသိန်းညွန့်က မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီပါတီသစ် ရုံးချုပ်တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေများနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
''မီးကိစ္စမှာလည်း တချို့ပုဂ္ဂိုလ် အနည်းစုကလွဲပြီး မီးပျက်တဲ့ဒဏ်ကို အားလုံးခံကြရတယ်။ အလုပ်သမား သပိတ်တွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေးကို မထိခိုက်စေချင်ပါဘူး။ အဲဒီကိစ္စတွေကို ဖြေရှင်းဖို့ အများပြည်သူ လေးစားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့ ပြည်ထောင်စုအစိုးရကို ဒီနေရာကနေ တိုက်တွန်းလိုပါတယ်''ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ကြေညာခဲ့ပြီး နည်းဥပ ဒေများကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တရုတ်ထိုင်ဝမ် တိုင်ရီ ဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် တရုတ်နှစ်ကူးပိတ်ရက် လုပ်ခမပေးသည့်ကိစ္စမှ စတင်ကာ အခြေခံ လစာ၊ အခြားသော အလုပ်သမား အခွင့်အရေး များနှင့် ပတ်သက်၍ တောင်းဆိုမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် မေလအတွင်း၌ အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ လျှပ်စစ်မီးရရှိရန် ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုများသည် မန္တလေးတိုင်းဒေသကြီး အတွင်း မေလ ၂၀ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် အခြား နယ်မြို့ကြီးများ၌ပါ ဆက်လက်ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်