ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် World Economic Forum on East Asia 2012 တက်ရောက်ရန်အတွက် မေလ ၂၉ ရက် ဒေသစံတော်ချိန်ည ၉ နာရီ မိနစ် ၃၀ ခန့်အချိန်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။
သုဝဏ္ဏဘူမိလေဆိပ်သို့ TG306 လေယာဉ်ဖြင့် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ထိုင်းအထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏဘူမိလေဆိပ်၏ သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသောဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့သည်။
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ထိုင်းနိုင်ငံ ဒေသစံတော်ချိန် ည ၉နာရီ မိနစ် ၃၀ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်၊ အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့နှင့် တွေ့ဆုံမည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။
ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်နှင့် အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့သည် ပြီးခဲ့သည့်လများက ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ထိုင်းနိုင်ငံတွင် မေလ ၃၀ ရက်နေ့မှ ဇွန် လ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် အဆိုပါဖိုရမ်၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
ထိုင်းနိုင်ငံ ခရီးစဉ်ပြီးနောက် ဇွန်လတွင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီးထွက်ဦးမည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ၌ကျင်းပမည့် အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညီလာခံတွင် မိန့်ခွန်းပြောမည် ဖြစ်သည်။ |
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မယ်လ ဒုက္ခသည်စခန်းကိုလည်း သွားရောက်လေ့လာမည်ဟုလည်း သတင်းဖော်ပြချက်များအရ သိရသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် ၂၄ နှစ်အတွင်း သူမ၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သည့်အတွက် နိုင်ငံတကာမီဒီယာများအနေဖြင့် အထူးစိတ်ဝင်စားနေသလို မြန်မာနိုင်ငံမှ မီဒီယာသမားများလည်း ထိုင်းနိုင်ငံသို့ လိုက်ပါသတင်းရယူ ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ခရီးစဉ်ပြီးနောက် ဇွန်လတွင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီးထွက်ဦးမည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ၌ကျင်းပမည့် အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညီလာခံတွင် မိန့်ခွန်းပြောမည် ဖြစ်သည်။ ထို့နောက် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့၌ ၁၉၉၁ ခုနှစ်က သူရရှိခဲ့သည့် နိုဘယ် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင် လက်ခံရယူပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံခရီးစဉ်အပြီး ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကာ ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ထို့နောက် အိုင်ယာလန်နိုင်ငံသို့ ဆက်လက်သွားရောက် မည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီးဒေါ်ခင်ကြည်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်း ထူထောင်ကာ ဒီမိုကရေစီရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့သည်။ အဆိုပါ အချိန်မှစ၍ လက်ရှိအချိန်အထိ ပြည်ပခရီးစဉ်များ ထွက်ခွာခြင်း မရှိခဲ့ပေ။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်