Monday, May 28, 2012

ထာဝရငြိမ်းချမ်းရေး အတွက် လူဦးရေ ခြောက်သိန်းကျော်၏ လက်မှတ်များ ရေးထိုးလှုပ်ရှားမှု ဖွင့်လှစ်ပွဲပြုလုပ်

73412
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ငြိမ်းချမ်းရေး အမှတ်တရစကား ပြောကြားနေစဉ်
မြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် လူဦးရေ ခြောက်သိန်းကျော်၏ လက်မှတ်များရေးထိုး လှုပ်ရှားမှုဖွင့်လှစ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ သီရိခန်းမ၌မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ အနုပညာရှင်များ နှင့် ဖိတ်ကြားထားသူများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်ခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။
ယင်းလက်မှတ်ရေးထိုး လှုပ်ရှားမှုအား ‘ထာဝရငြိမ်းချမ်း ၆၇’ အမည်ပေးရခြင်းမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့အား ရည်ရွယ်၍ ပေးထားခြင်းဖြစ်ကြောင်း၊ လူဦး ရေ ၆၇၆၇၆၇ ဦးရေအထိ လက်မှတ်များရရှိအောင် ရေးထိုးကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါလှုပ်ရှားမှုအား ဦးဆောင်ပြုလုပ်သော မျိုးဆက်သစ် လူငယ်များ(Generation Wave) အဖွဲ့မှ ကိုမိုးသွေးက အခမ်းအနား စတင်ချိန်တွင် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ဆိုမှု အစီအစဉ်အား ပြုလုပ်ခဲ့ပြီး ကဗျာဆရာ ဇော်လူစိမ်းနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအောင်သူတို့က ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော ကဗျာများရွတ်ဆိုခဲ့ကာ ကဗျာဆရာများ သမဂ္ဂမှ ပေးပို့သော ငြိမ်းချမ်းရေး သ၀ဏ်လွှာအား ဆရာသစ္စာနီက ဖတ်ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ငြိမ်းချမ်းရေး အမှတ်တရ စကားပြောကြားခြင်း အစီအစဉ်ကို ပြုလုပ်ရာ ကဗျာဆရာများ သမဂ္ဂဥက္ကဋ္ဌ ဖြစ်သူ ဆရာမောင်စိမ်းနီ၊ ကချင်တိုင်းရင်းသားတစ်ဦး ဖြစ်သူ ကိုဂျော်ဂွန်း၊ အဆိုတော်  အနဂ္ဂ၊ ဆရာမသန်းမြင့်အောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ အဆိုတော်ဆောင်း ဦးလှိုင်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုလှမျိုး နောင်၊ ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင် တို့က အမှတ်တရစကားများ ပြောကြားကြောင်းလည်း သိရသည်။
ထို့အပြင် ငြိမ်းချမ်းရေး တေးသီချင်းသီဆိုမှုကို ကိုသားထွေးနှင့်အဖွဲ့ ကလည်းကောင်း၊ ကိုမင်းကိုနိုင် ရေးစပ်ပေးထားသော ‘ပိုလှသော မနက်ဖြန်’ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေး သီချင်းအား (Generation Wave) အဖွဲ့သားများက လည်းကောင်း အသီးသီး သီဆိုခဲ့ကြပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်