ဂီတလောကသားများ၏ လွတ်လပ်စွာ ရွေးချယ်မှုဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အမှုဆောင် ကော်မတီသစ်ကို ပြန်လည်ဖွဲ့စည်း သွားမည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ ပြန်လည်ဖွဲ့စည်းရန် ကိစ္စရပ်နှင့်ပတ်သက်၍ ဂီတအစည်းအရုံး (ဗဟို) လက်ရှိ အမှုဆောင်အဖွဲ့များမှ မီဒီယာများနှင့်တွေ့ဆုံ၍ ခေါ်ယူရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို)ကို ပြန်လည်ဖွဲ့စည်းရာတွင် ပြန်လည်ဖွဲ့စည်းရေးကြီးကြပ်မှုကော် မတီ ၁၅ ဦးဖြင့်ဖွဲ့စည်း သွားမည်ဖြစ်ပြီး နာယကကြီးများအဖြစ် ဘိုကလေး တင့်အောင်၊ ဦးမင်းနောင်၊ ဦးမောင် မောင်ကြီးတို့က ဆောင်ရွက်သွားမည် ဖြစ်သည်။ ကျန် ၁၂ ဦးကိုအလွှာအလိုက် ကိုယ်စားပြု ရွေးချယ်သွားမည် ဖြစ်ပြီး ယင်းသူများမှာ လက်ရှိအမှုဆောင် မဟုတ်သူများနှင့် အသစ်ရွေးချယ်မည့် အမှုဆောင်အဖွဲ့တွင်ပါဝင် ယှဉ်ပြိုင်ခြင်းမပြုသူများဖြစ်ရန် လိုအပ်သည်ဟု သိရသည်။ ထပ်မံဖွဲ့စည်းရာတွင် အမှုဆောင်အဖွဲ့ဝင် ၅၀ ဦး နှင့်ဖွဲ့စည်းသွားမည်ဖြစ်ပြီးမဟာဂီတ အလွှာအတွက် အဆိုနှင့်အတီး ၁၀ ဦး၊ ကာလပေါ် အလွှာအတွက် ရေးဆိုတီး ၁၅ ဦး၊ စတီရီယို အလွှာအတွက်ရေး ဆိုတီး ၁၅ ဦး၊ ထုတ်လုပ်ဖြန့်ချိအလွှာအတွက် ငါးဦး၊ စက်မှုအလွှာ အတွက် ငါးဦးတို့ကို ရွေးချယ်သွားမည်ဟု သိရသည်။ ဂီတအစည်းအရုံးဝင်ဖြစ်ပြီး ပရော်ဖက်ရှင်နယ် အဆင့် လှုပ်ရှားနေသည့် မည်သူမဆိုဝင်ရောက် ရွေးချယ်ခံနိုင်ပြီး ဂီတအစည်းအရုံး ၀င်ပရော်ဖက်ရှင်နယ် အဆင့်နှင့်အပျော်တမ်း အဆင့်နှစ်မျိုးလုံးမှာ မဲပေးခွင့် ရှိမည်ဟုသိရသည်။ မဲပေးရွေးချယ်ရာ တွင် သက်ဆိုင်ရာ အလွှာအလိုက်သာ ရွေးချယ်ရမည်ဖြစ်ပြီး အဆိုနှင့် တေးရေး၊ အဆိုနှင့်အတီး စသည်ဖြင့် တွဲဖက် လုပ်ကိုင်သူများအနေဖြင့် ပရိသတ်ပိုမို အသိအမှတ်ပြုသည့် အလွှာအတွက် မဲပေးခွင့်၊ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဟု သိရသည်။
ပြန်လည်ဖွဲ့စည်းရေး ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းနိုင်ရန် အတွက် သက်ဆိုင်ရာအလွှာအလိုက် ဆောင်ရွက်မည့် သူများကိုရွေးချယ်ရန် ရက်များကိုသတ်မှတ်ထားပြီး ယင်းရက်များတွင် ညှိနှိုင်းရွေးချယ်ရမည် ဖြစ်သည်။
မေလ ၂၉ ရက်နေ့ မွန်းလွဲ ၁နာရီတွင် ထုတ်လုပ်ဖြန့်ချိ အလွှာ၊ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီတွင်စက်မှုအလွှာ၊ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁နာရီတွင် စတီရီယို အလွှာ(တေးရေး)၊ မွန်းလွဲ ၂နာရီ တွင် စတီရီယိုအလွှာ(တေးဆို)၊ မွန်း လွဲ၃နာရီတွင် စတီရီယိုအလွှာ(အတီး)၊ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် မဟာဂီတအလွှာ(အဆို၊အတီး)၊ မေလ ၃၁ ရက်နေ့မွန်းလွဲ ၂နာရီတွင် ကာလပေါ်အလွှာ(အဆို၊ အရေး၊ အတီး)တို့တွေ့ဆုံ၍ ရွေးချယ် အကြံပြုသွားမည်ဟု သိရသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်