အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် World Economic Forum on East Asia 2012 တက်ရောက်ရန်အတွက် မေလ ၂၉ ရက် ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၃၀ ခန့် အချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။
သုဝဏ္ဏဘူမိလေဆိပ်သို့ TG 306လေယာဉ်ဖြင့်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ထိုင်းအထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏဘူမိလေဆိပ်၏ သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသော ဂိတ်မှမထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့၌ နေထိုင်စဉ်ကာလအတွင်း World Economic Forum on East Asia 2012 ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာ ဟိုတယ်၌ပင် ခေတ္တတည်းခိုမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ လိုက်ပါ သတင်းရယူနေသော Eleven Media Group ၏ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်းပေးပို့ချက်များ အရ သိရှိရသည်။
ထိုင်းနိုင်ငံ ဒေသစံတော်ချိန် ည ၂ နာရီ အချိန်အထိ သိရှိရသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် တည်းခိုရာ ရှန်ဂရီလာဟိုတယ်မှ မဟာချိုင်သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ နံနက် ၉ နာရီ အချိန်တွင် မဟာချိုင်ရှိ Talaat Kung (ပုစွန်ဈေး)သို့ ရောက်ရှိမည်ဖြစ်ပြီး
နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် MWRN Learning Center သို့ ရောက်ရှိမည် ဖြစ်သည်။ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် MWRN သုံးထပ်၌ မြန်မာအလုပ်သမား ၃၀ ခန့်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
နံနက် ၁၁ နာရီ နောက်ပိုင်းတွင် Minburi မြို့ရှိ Uniliber စက်ရုံသို့ သွားရောက်လည်ပတ်ရင်း ထိုစက်ရုံ၌ပင် နေ့လည်စာ စားသုံးမည် ဖြစ်သည်။ မွန်းလွဲပိုင်းအချိန်တွင် ထိုင်း နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံမည်ဟု သိရသည်။
မေလ ၃၁ ရက်နေ့နံနက်ပိုင်းတွင် ရှန်ဂရီလာဟိုတယ်၌ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီးဆစ်ဝိဇ္ဖာဇီဝနှင့် တွေ့ဆုံဖွယ်ရှိပြီး မွန်းလွဲပိုင်းတွင် ထိုင်း ဒုတိယ၀န်ကြီးချုပ် မစ္စတာ ချလမ် ယူဘမ်ရွန်းနှင့် Santimitri အစိုးရအိမ်တော်၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ ညနေပိုင်းတွင် World Economic Forum on East Asia 2012 အတွက် တည့်ခင်းသော ညစာ စားပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်နှင့် အဆိုပါညစာစားပွဲတွင် တွေ့ဆုံမည်ဖြစ်သည်။
ဇွန်လ ၁ရက်နေ့ နံနက်ပိုင်းတွင် World Economic Forum on East Asia 2012 ၌ မိန့်ခွန်းပြောကြား မည်ဟုသိရသည်။ ထိုမိန့်ခွန်း၏ အမည်မှာ နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းဟု အမည်ပေးထားကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသော သတင်းမီဒီယာများတွင် ဖော်ပြသည်။
မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် မဲဆောက်သို့ လေကြောင်းလိုင်းဖြင့် ရောက်ရှိမည်ဖြစ်ပြီး မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ ထိုသို့ သွားရောက်ရာတွင် ထိုင်းဝန်ကြီးချုပ် ယင်းလတ်လိုက်ပါမည် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ သီးခြားအစီအစဉ် အဖြစ်သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖော်ပြပါ အချက်အလက်အများစုမှာ ထိုင်းဘာသာဖြင့် ရေးသားသည့် မီဒီယာများတွင် ဖော်ပြခဲ့သော အချက်အလက်များ ဖြစ်ပြီး အချိန်နှင့်အမျှ အပြောင်းအလဲများ ရှိနိုင်ပါသည်။ သီးခြားအတည်ပြုနိုင်သည့် အချက်အလက်များ ရရှိပါက ဆက်လက် ဖော်ပြသွားပါမည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်