သီချင်းရေးတာကို ၀ါသနာပါပြီး သီဆိုမှုကို ခုံမင်တဲ့လူငယ်လေးအတွက် အချစ်ကြောင့် ပျော်ရွှင်မှုတွေအပြင် ၀မ်းနည်းမှုတွေပါ ခံစားလာရချိန်မှာတော့ နှလုံးသားထဲက ခံစားချက်တွေက သူတီးနေကျ ဂစ်တာဆီက ပျံ့လွင့်လာတဲ့ သံစဉ်တွေနဲ့အတူ သီချင်းလေးတွေ ဖြစ်လာခဲ့တယ်။ အဲဒီသီချင်းတွေက အင်တာနက်ကတစ်ဆင့် ပရိသတ်ကြိုက်ခဲ့ပြီး အဆိုတော် ဖြစ်လာခဲ့တာဆိုတဲ့ တေးဆို ဆိုတေးရဲ့ဂီတရင်ခုန်သံ အချို့ကို မေးမြန်းခဲ့သမျှ ပရိသတ်နဲ့ ဝေမျှလိုက်ပါတယ် . . .
မေး ။ ပထမဆုံး ဂီတအလုပ်တွေ စလုပ်ဖြစ်ခဲ့တာကစပြီး ပြောပြပေးပါ။
ဖြေ ။ ပထမဆုံး ကျွန်တော့်ရဲ့ ဦးစားပေး ခံစားချက်တစ်ခုကြောင့်မို့ ဂီတအလုပ်တွေ စလုပ်ဖြစ်ခဲ့တာပါ။ အဆိုတော်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ စည်းစနစ်တွေ ဘောင်တွေကြားထဲမှာ ရုန်းကန်ခဲ့တဲ့သူတော့ မဟုတ်ပါဘူး။ ခံစားချက်တစ်ခုကြောင့် ဂီတအလုပ်တွေ စဖြစ်ခဲ့တာပါ။
မေး ။ ဆိုတေးဆိုတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာစေခဲ့တဲ့ ခံစားချက်ကဘာလဲ။
ဖြေ ။ ကျွန်တော့်အသက် ၁၉ နှစ် လောက်မှာ စပြီးဖြစ်ပေါ်ခဲ့တဲ့ အချစ်ရင်ခုန်သံတွေက ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တယ်။ ဒါပေမယ့် ပျော်ရတဲ့ အချိန်တွေက တိုတောင်းပြီး ကျွန်တော် အသည်းကွဲခဲ့ရတယ်။ ရင်ထဲမှာ ခံစားရသမျှတွေအတွက် ထွက်ပေါက်တစ်ခု အဖြစ် သီချင်းတွေရေးဖြစ်ခဲ့တယ်။ အဲဒီခံစားမှုတွေကြောင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မီးအိမ်ရှင်သီချင်းကို စရေးဖြစ်ခဲ့တာပါ။
မေး ။ အဲဒီနောက်ပိုင်းမှာရော ဂီတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်ခဲ့လဲ။
ဖြေ ။ သီချင်းတွေပဲဆက်ရေးဖြစ်ခဲ့ တယ်။ ‘ မီးအိမ်ရှင်’ ပြီးတော့ ‘အဝေး ရောက်ချစ်သူ’၊ ‘ဟုတ်လို့လား’၊ ‘သူငယ် ချင်းအချစ်’ နဲ့ ‘ မမသီရိ’ သီချင်းတွေ ဆက်ရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီအထိက ခံစားချက်အလျောက် သီချင်းရေးတာမျိုးပဲ ရှိနေသေးတယ်။
မေး ။ မီးအိမ်ရှင်သီချင်းကို အွန်လိုင်းပေါ်တင် ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ အဲဒါကျွန်တော့်သူငယ်ချင်းတွေပါ။ ကျွန်တော် သီချင်းဆိုနေတဲ့ အချိန်၊ ဂစ်တာတီးနေတဲ့အချိန်တွေ ဆိုရင် စကားလာပြောတာ မကြိုက် =ဘူး။ ဒါကြောင့် တစ်ယောက်တည်း ပဲ တီးဖြစ်ဆိုဖြစ်ခဲ့တယ်။ ဒါပေမယ့် အိမ်နားက ဖြတ်သွားဖြတ်လာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်သီချင်း ကြိုက်လို့ဆိုပြီး အသံသွင်းဖြစ် သွားခဲ့တာ။ နောက်တော့ အွန်လိုင်း ပေါ်ကို သူငယ်ချင်းတွေကြောင့်ပဲ ရောက်သွားခဲ့တာပါ။
မေး ။ အွန်လိုင်းပေါ်ကတစ်ဆင့် ပရိသတ်တွေကြားမှာ ဒီသီချင်း လူကြိုက်များနေတာကို ဘယ်အချိန်မှာ သတိထားမိခဲ့တာလဲ။
ဖြေ ။ ကျွန်တော့်သီချင်းကို သူများဖွင့်ထားတာကို ပထမဆုံးကြားမိခဲ့တာ အိမ်နားက လက်ဖက်ရည်ဆိုင်မှာပါ။ မနက်စောစော ကျွန်တော်အိပ်ရာ မထခင်မှာ လက်ဘက်ရည်ဆိုင်က တရားခွေဖွင့်အပြီးလောက်မှာ သီချင်းစဖွင့်တာကို ကြားရတယ်။ ကျွန်တော့်သီချင်းကို ပထမဆုံးပြန်ကြားလိုက်ရတုန်းက ပျော်တယ်ဆိုတဲ့ ခံစားချက်မှာ ပီတိတစ်မျိုးကိုတွဲပြီး ခံစားရတယ်။
မေး ။ ဘယ်အချိန်လောက်မှာ စီးရီးထုတ်ဖို့ ပြင်ဆင်ဖြစ်ခဲ့လဲ။
ဖြေ ။ အင်တာနက်ကနေ တစ်ဆင့် ပရိသတ် အားပေးမှုရှိလာတာနဲ့အမျှ သူငယ်ချင်းတွေက အားပေးသလို မိဘတွေကလည်း တွန်းအားပေးခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်မှာလည်း အနုပညာအင်အားတွေ ရှိလာခဲ့တယ်။ ဒါကြောင့် မီးအိမ်ရှင်သီချင်းကိုပရိသတ်လက်ခံတဲ့ အချိန်မှာပဲ စီးရီးခွေထုတ်ဖို့စပြီး စီစဉ်ဖြစ်ခဲ့တာပါ။ စီးရီး စထွက်ခဲ့တာကတော့ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၄ ရက်နေ့ပါ။
မေး ။ စီးရီးစပြီး စီစဉ်တဲ့အချိန်တုန်းက ကြုံရတာတွေကိုလည်း ပြန်ပြောပေးပါဦး။
ဖြေ ။ အခက်အခဲတွေ ရှိခဲ့သလို ပျော်စရာတွေလည်းရှိခဲ့ပါတယ်။ အခက်အခဲတွေနဲ့ ပျော်စရာတွေက တစ်ခုနဲ့တစ်ခု ဆက်နေသလိုပါပဲ။ အခက်အခဲကြုံရတယ်။ အဲဒီအခက်အခဲ ပြေလည်အောင်မြင်သွားတဲ့ အချိန်မှာပျော်ရတယ် ဆိုတာမျိုးတွေပါပဲ။
မေး ။ အခုလိုအောင်မြင်မှု တစ်နေရာ ရရှိလာပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန် ခံစားမိလဲ။
ဖြေ ။ တစ်ချိန်က ပရိသတ်ဖြစ်ခဲ့တဲ့ ငါကအခုတော့ အဆိုတော်ဖြစ်နေပြီ ဆိုတဲ့ အတွေးမျိုးနဲ့ တစ်ခါတစ်ခါ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး အံ့သြရတယ်။ ကိုယ်တိုင်ပရိသတ် တစ်ယောက်ဖြစ်ခဲ့တဲ့အတွက် ပရိသတ် ရဲ့ခံစားမှုကို ကိုယ်ချင်းစာစိတ်နဲ့ အနီးကပ်ဆုံး လိုက်ခံစားပေးတယ် ။ အဲဒါကလွဲရင် ကျန်တာ ဘာမှ ထူးထူးခြားခြား ပြောင်းမသွားပါဘူး။
မေး ။ ဆိုတေးရဲ့ ပထမဆုံးစင်မြင့် ဖျော်ဖြေပွဲ အတွေ့အကြုံကိုလည်း ပြောပေးပါဦး။
ဖြေ ။ စီးရီးထွက်ပြီးတဲ့ နောက်ပိုင်းမှာ ရှိုးပွဲတွေ တော်တော်များများ ဆိုရတယ်။ နယ်ပွဲတွေက ပိုများတယ်။ ပထမဆုံးစင်ပေါ် အတွေ့အကြုံကတော့ ဘယ်လိုမှသီချင်းဆိုလို့မရဘဲ ဒူးတွေရင်တွေ တုန်နေတာ။ အသံတွေလည်း တုန်နေပြီး စကားပြောဖို့ကို မနည်းကြိုးစားခဲ့ရတယ်။ ဒါပေမယ့် စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ အချိန်ရောက်တော့ ဆင်းတောင် မဆင်းချင်တော့ဘူး။
မေး ။ လက်ရှိ အနုပညာ လှုပ်ရှားမှုတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ အခုကျွန်တော့်ရဲ့ ပထမဆုံးစီးရီးက ဗီစီဒီလည်း ထွက်ပြီးသွားပြီဆိုတော့ အရမ်းပျော်နေတယ်။ အဲဒီအပျော်တွေနဲ့ပဲ နောက်စီးရီးတစ်ခု စီစဉ်နေပါတယ်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်