ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ချလမ်ယူဘမ်ရွမ်းတို့သည် မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က Santimitri အစိုးရအိမ်တော်၌ တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ရပ်များကို အဓိက ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။
''ခုနက(ထိုင်းနိုင်ငံ) ဒုတိယ ၀န်ကြီးချုပ်နဲ့ တွေ့ခဲ့ပါတယ်။ တွေ့ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းအောင်လို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီးတွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့် ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။
ထို့အပြင် အလုပ်သမားများ၏ ရပိုင်ခွင့်ကို မြန်မာအလုပ်သမားများ သိရှိစေရန် လုပ်ဆောင်ပေးစေလိုကြောင်း မေတ္တာရပ်ခံခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
''ကျွန်မအနေနဲ့ ဒုတိယ၀န်ကြီးချုပ်ကို ပြောတဲ့အခါမှာ ကျွန်မတို့ နိုင်ငံသားတွေ ဒီမှာအလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ လုပ်ပေးပါလို့ ကျွန်မ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါမှကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေကိုယ်သိမှ ဥပဒေအရ ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို နားလည်လာမှာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
ထိုင်းဒုတိယ၀န်ကြီးချုပ်က ပြန်လည်ပြောဆိုခဲ့ရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို တနည်းနည်းအားဖြင့် အထောက်အကူပြုနေကြောင်းနှင့် ထိုင်းနိုင်ငံတွင် မြန် မာရွှေ့ပြောင်း အလုပ်သမားအရေအတွက် ရှစ်သန်းခန့် ရှိနေကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်