နီပေါမြို့တော် ခတ္တမန္ဒူတွင် ပြည်သူထောင်ပေါင်းများစွာက လူမှုဝန်းကျင်ညီမျှမှုနှင့် အခြေခံဥပဒေသစ်အတွက် မေလ ၂၃ ရက်က ဆန္ဒထုတ်ဖော်စဉ်
နီပေါ နိုင်ငံရေးပါတီများသည် ၂၀၀၈ ခုနှစ်မှစ၍ အခြေခံဥပဒေသစ်မူကြမ်းကို ရေးဆွဲနေခြင်းဖြစ်သည်။
''ကျွန်တော်တို့ သဘောတူညီချက် မရခဲ့ပါဘူး။ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး''ဟု နီပေါဝန်ကြီးချုပ် ဘာဘာရမ်ဘာတာရိုင်က ပြောကြားခဲ့သည်။ လွှတ်တော်သစ် ထပ်မံပြုလုပ်ချိန်တွင် သဘောတူညီချက်ရရှိပြီး နိုဝင်ဘာလ ၂၂ ရက်တွင် ရွေးကောက်ပွဲများ ပြုလုပ်နိုင်မည်ဟု မျော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နီပေါအခြေခံဥပဒေသစ် မရေးဆွဲနိုင်မှုအတွက် စိတ်ပျက်မိကြောင်းနှင့် နီပေါနိုင်ငံ တည်ငြိမ်ရေးအတွက် စိုးရိမ်မိကြောင်း ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန်၏ သဘောထားကို ကုလပြောခွင့်ရပုဂ္ဂိုလ် မာတင်နီဆာကီက မေလ ၂၈ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အခြေခံဥပဒေသစ်တွင် ပါဝင်မည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး မော်ဝါဒီသူပုန်များ၏ ပါတီနှင့်အခြားပါတီများအကြား သဘောတူညီချက် မရခဲ့ပေ။
တရုတ်နှင့် အိန္ဒိယအကြားတွင် ညပ်လျက်တည်ရှိနေသော တောင်ထူထပ်သည့် နီပေါသည် ၂၀၀၈ ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီးနောက် သမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။ မော်ဝါဒီသူပုန်များဖြင့် ဖွဲ့ထားသော ပါတီသည် အကြီးဆုံးပါတီ ဖြစ်လာသော်လည်း အမတ်နေရာ ၆၀၁ နေရာရှိ သော လွှတ်တော်တွင် အမတ်အများစု မရရှိထားပေ။
မော်ဝါဒီပါတီနှင့် နိုင်ငံတောင်ပိုင်းမှ ပါတီများသည် နီပေါတွင် လူမျိုးစုအခြေခံ၍ ပြည်နယ်များ ခွဲခြားသတ်မှတ်ရန် အလိုရှိသော်လည်း ဒုတိယအကြီးဆုံးဖြစ်သော နီပေါကွန်ဂရက်ပါတီက လက်မခံခဲ့ပေ။
အခြေအနေမှာ တင်းမာမှု ဖြစ်ပေါ်နေပြီး လွှတ်တော်အဆောက်အဦ တစ်ဝိုက်တွင် လုံထိန်းများနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။
နီပေါ မော်ဝါဒီပါတီခေါင်းဆောင်က ပြိုင်ဘက်ပါတီများအား ညီညွတ်မှုရှိစွာဖြင့် ညွန့်ပေါင်းအစိုးရတွင် ပါဝင်ပြီး ရွေးကောက်ပွဲသစ် ပြုလုပ်နိုင်ရေး ကူညီကြရန် မေလ ၂၈ ရက်တွင် တိုက်တွန်းခဲ့သည်။
Ref:CNN;AFP
0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်