ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ကန်ချနာပူရိအထိ ဆက်သွယ်မည့် လေးလမ်းသွားလမ်း ဖောက်လုပ်နေမှု လုပ်ငန်းခွင်တစ်နေရာ
အဆိုပါစစ်တမ်းအား ရပ်ရွာအခြေပြု အဖွဲ့အစည်းများဖြစ်သည့် ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(Dawei Development Association-DDA)၊ Southern Society Development Network(SSDN)၊ Loka Ahlinn (လောကအလင်း)နှင့် TRoCAIRE အဖွဲ့များက ကောက်ယူထားခြင်းဖြစ်ပြီး စီမံကိန်းစတင်ပြီး နှစ်နှစ်အကြာတွင်မှ အရပ်ဘက် အဖွဲ့အစည်းများ၏ စစ်တမ်းကောက်ယူမှုကြောင့် ထွက်ရှိလာသော စစ်တမ်းဖြစ်ကြောင်းလည်း သိရှိရသည်။
''ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း လာရောက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အတွက် ဒေသခံများရဲ့ဘ၀ကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေတာကို တွေ့ရှိရပါတယ်။ အခုဆိုရင် စီမံကိန်းအတွက်ဆိုပြီး မြေယာသိမ်းယူမှုတွေကြောင့် ကိုယ့်အိမ် ကိုယ့်ခြံမြေကို ဘယ်တော့အသိမ်းခံရမလဲဆိုတဲ့ အချက်တွေကြောင့် ဒေသခံတွေဟာ နေ့စဉ်နဲ့အမျှ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရပါတယ်။ ကိုယ်နေထိုင်တဲ့မြေကို ဘယ်တော့ လာသိမ်းမလဲဆိုတဲ့ စိတ်ခံစားမှုမျိုးလည်း ရှိနေကြတယ်။ ဒါကြောင့် လတ်တလောအ ခြေအနေမှာ EIA ထက် SIA က ပိုပြီး သက်ရောက်နေပါတယ်''ဟု ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အလားတူ စီမံကိန်း လုပ်ကိုင်ဆောင်ရွက်မှုကြောင့် ပြောင်းရွှေ့ရမည့် သတင်းကြားကြားခြင်း ဒေသခံများသည် ၀မ်းနည်းပူဆွေး သောကပွားခဲ့ကြကြောင်း၊ ၎င်းတို့ကြိုးစားလုပ်ကိုင်စိုက်ပျိုးခဲ့သော နှစ်ရှည်ပင်များနှင့် လယ်ယာလုပ်ငန်းများအား စွန့်ပစ်ခဲ့ရမည့်အတွက်ကြောင့် ဖြစ် ကြောင်း၊ ထို့ပြင် ပြောင်းရွှေ့ရန် လျော်ကြေးအတွက် တိကျသော ညွှန်ကြားချက်များကို အားလုံးတစ်ပြေးညီ မသိရှိကြသောကြောင့်လည်း ဒေသခံများ စိတ်မချမ်းမြေ့ဖြစ်ကြကြောင်းလည်း အဆိုပါ စစ်တမ်းအရ သိရှိရသည်။
အိမ်ယာတည်ဆောက်မှုများအား ဆက်လက်လုပ်ကိုင်ရန်အတွက် အခက်အခဲဖြစ်နေရကြောင်း၊ လမ်းဖောက်ရာတွင်ပါသွားသော အပင်များ၊ ခြံနှင့် လယ်များအတွက်လည်း လျော်ကြေး မရကြသေးကြောင်း၊ ပြောင်းရမည့်သတင်းကြောင့် လယ်ပိုင်၊ ခြံပိုင်များက လုပ်ငန်းရပ်လိုက်ချိန်တွင် ၎င်းတို့ကို မှီခိုနေသော လက်လုပ်လက်စားများလည်း လုပ်ငန်းရှားပါးခဲ့ကြောင်း . . . |
ထို့ပြင် ဒေသခံများအနေဖြင့် မိမိတို့ စိုက်ပျိုးရေးလုပ်ငန်း၊ အိမ်ယာတည်ဆောက်မှုများအား ဆက်လက်လုပ်ကိုင်ရန်အတွက် အခက်အခဲဖြစ်နေရကြောင်း၊ လမ်းဖောက်ရာတွင် ပါသွားသော အပင်များ၊ ခြံနှင့်လယ်များ အတွက်လည်း လျော်ကြေး မရကြသေးကြောင်း၊ ပြောင်းရမည့်သတင်း ကြောင့် လယ်ပိုင်၊ ခြံပိုင်များက လုပ်ငန်းရပ်လိုက်ချိန်တွင် ၎င်းတို့ကို မှီခိုနေသော လက်လုပ်လက်စားများလည်း လုပ်ငန်းရှားပါးခဲ့ကြောင်း သိရှိရပါသည်။
စီမံကိန်းတွင် လတ်တလော ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်ပြီး ''ခုချိန်မှာတော့ သစ်၊ ၀ါးတွေ၊ အိမ်အမိုး မိုးရန်အတွက် အင်ဖက်၊ ကျွဲ၊ နွားစားကျက်မြေတွေ အသုံးမပြုနိုင်ခြင်းနဲ့ ရေ၀င်ရေထွက်ပေါက်တွေ ပိတ်လိုက်တဲ့အတွက် စိုက်ပျိုးရေးမှာ အခက်အခဲ ကြုံတွေ့နေရပါတယ်။ နှစ်ရှည်ပင်ကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းအပေါ် မှီခိုနေသူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် ပြောင်းရွှေ့ရခြင်းက သက်ရောက်မှုများစွာ ရှိလာပါတယ်''ဟုလည်း ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင်က ပြောပြခဲ့သည်။
ရေနက်ဆိပ်ကမ်း တည်ဆောက်မှုကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ၎င်းတို့၏ လုပ်ကွက်များ ပျောက်သွားမည်ကို စိုးရိမ်နေကြ ကြာင်း၊ ရေလုပ်ငန်းအတွက် အစားထိုး မရနိုင်ကြောင်းလည်း ဒေသခံများက ဆိုကြောင်း စစ်တမ်းတွင် ဖော်ပြထားချက်များအရ သိရှိရသည်။ ဒေသခံများအနေဖြင့် စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဟု မျှော်လင့်နေကြသော်လည်း လတ်တလောတွင် ဒေသခံများထက် အခြားဒေသများမှသူများ၊ ထိုင်းနိုင်ငံသားများသာ စီမံကိန်းတွင် လုပ်ကိုင်နေကြကြောင်းလည်း သိရှိရပါသည်။ စီမံကိန်းလုပ်ဆောင်မှု ကြောင့် ကောင်းကျိုးထက် ဆိုးကျိုးသာ များနေကြောင်း တစ်ဦးချင်း ဆွေးနွေးပွဲနှင့် အုပ်စုလိုက် ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သော ဒေသခံများက ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ၂၀၀၈ ခုနှစ်၊ မေလ ၁၉ ရက်နေ့က မြန်မာနိုင်ငံအစိုးရနှင့် ထိုင်းနိုင်ငံအစိုးရတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ အီတာလျံထိုင်းကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
အီတာလျံ ထိုင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အဆိုပါစီမံကိန်းအတွက် မြေငှားရမ်းမှု ကာလအမြင့်ဆုံး ၇၅ နှစ် သတ်မှတ်ထားပြီး စီမံကိန်းအတွက် အီတာလျံ ထိုင်းကုမ္ပဏီအနေဖြင့် ၅၀ ရာခိုင်နှုန်း ထည့်ဝင်ကာ မက်စ်မြန်မာကုမ္ပဏီမှ ၂၅ ရာခိုင်နှုန်း ထည့်ဝင်မည်ဖြစ် ကြောင်းနှင့် ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံ ရှိကြောင်းနှင့် စီမံကိန်းအတွက် ဒေါ်လာဘီလျံ ၅၀ လိုအပ်နေကြောင်းလည်း အဆိုပါစစ်တမ်းအရ သိရှိရပါသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်