''အချစ်ရယ်ကိုယ့်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ ... တကယ်တော့ကိုယ်နေချင်တာ မင်းအနားမှာပါ'' ဆိုတဲ့ လွမ်းဆွတ်မှု၊ မြတ်နိုးတွယ်တာမှုတွေနဲ့ ပေါင်းစပ်ထားတဲ့ စကားလုံးတွေက တေးသံစဉ်တွေအကြားက ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုစကားလုံးတွေက ကြားနေကြဖြစ်ပေမယ့်လည်း သံစဉ်တွေ၊ စာသားတွေအကြား တွဲဖက်ကာ ပွဲထွက်ခဲ့တဲ့အခါမှာတော့ စကားလုံးတွေက တေးသီချင်းရဲ့ ရသကို အပြည့်အ၀ ပံ့ပိုးပေးနိုင်သလို ထူးခြားတဲ့ ခံစားမှုကိုလည်း ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီစာသား၊ ဒီစကားပါတဲ့ တေးသီချင်း က အဲဒီအချိန်၊အဲဒီကာလရဲ့ စကားနဲ့ပြောရမယ်ဆိုရင် ဟတ်ထိစေခဲ့ပါတယ်။ အဲဒီသီချင်းလေး အမည်ကတော့ 'မင်းအနားမှာ' ဖြစ်ပြီး အဲလက်စ်ရဲ့အောင်မြင်တဲ့တေးသီချင်းတွေထဲက တစ်ပုဒ်ပါ။ သို့သော် တစ်ကိုယ်တော်ဖျော်ဖြေပွဲမှလွဲပြီး ရှိုးပွဲတွေမှာ သီဆိုလေ့မရှိတဲ့ ဒီသီချင်း ရဲ့အကြောင်းက ဂီတလမ်းကိုလျှောက်လှမ်းစ လူငယ် ဘ၀အမှတ်တရများစွာနဲ့ ဖွဲ့စည်းရစ်နှောင်ထားတာဖြစ်ပါတယ်။
ဒီသီချင်းကို Lazy Club မန်နေဂျာ တေးရေးစိုးနိုင်ထွန်းနဲ့ အဆိုတော်အဲလက်စ်တို့ အတူတွဲဖက်ရေးသားခဲ့တဲ့ သီချင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်ဝန်းကျင်က ရေးသားခဲ့တဲ့ ဒီ သီချင်းအကြောင်းကို တေးရေးစိုးနိုင်ထွန်းက ''အဲဒီကာလ တုန်းက ငယ်လည်းငယ်သေးတော့ နေ့တိုင်းလိုလို သီချင်းတွေရေးဖြစ်တယ်။ ဒီသီချင်းကလည်း ကျွန်တော်တို့နှစ်ယောက်လုံးသိတဲ့ အေဒီလမ်းက သူငယ်ချင်းအိမ်သွားလည်ရင်း သီချင်းရေးကြမယ်ဆိုပြီး ရေးဖြစ်ရာက စတဲ့သီချင်းပါ'' လို့ နှစ်ယောက်တွဲရေးဖြစ်တဲ့ အမှတ်တရအစကို ခုလိုဆိုပါတယ်။
''မင်းမရှိတဲ့ နေ့တွေဆို မပျော်နိုင်တော့ဘူး...လွမ်းလွန်းလို့ အိပ်မပျော် ဒီလိုညမျိုး .... ကြယ်စင်လေးရေ ဟိုးအဝေးမှာမြင်နေလည်း အပိုပါပဲ ခုတော့ မလှတော့ဘူး...'' ဆိုတဲ့ Cho ရဲ့ သံစဉ်လေးကိုရပေမယ့် Verse ကို ဆက်ရေးလို့မရတော့တာနဲ့ အဲလက်စ်ကိုသွားပြတဲ့အခါမှာ သူက လည်း ရေးကြည့်မယ်ဆိုပြီး ကျန်တဲ့ Verse နှစ်ပိုဒ်ကို သူ့ဖာသာသူချရေးတယ်။ပြီးတော့ဆက်ကြည့်တဲ့အခါ လုံးဝလိုက်ဖက်တဲ့အတွက် ပေါင်းလိုက်ပြီး သုံးဖြစ်သွားတာဖြစ်ပါတယ်'' လို့ စိုးနိုင်ထွန်းက သီချင်းရုပ်လုံးကိုခုလို ဖော်ထုတ်ပေးခဲ့သလို မင်းအနားမှာ သီချင်းရဲ့ ထူးခြားချက်ကိုလည်း '' ဒီသီချင်းကစာသားရော၊ သံစဉ်ရော ကောင်းပါတယ်။ဒါပေမယ့် အဲလက်စ်ရဲ့ စကားပြောခန်းလေးက ဒီသီချင်းတစ်ပုဒ်လုံးကို လုံးဝကြွရွအောင်ဖမ်း စားသွားတာပါ''လို့ ဆိုခဲ့ပါတယ်။
'' ၁၉၉၈ လောက်ကပေါ့။ ကျွန်တော့် ခွေသစ်တည်နေတုန်း အီကြာကွေး(စိုးနိုင်ထွန်း)က မင်းအနားမှာ သီချင်းရဲ့ CHO: လေးပြတယ်။ အဲဒါကို ကျွန်တော်အရမ်းကြိုက်သွားတယ်။ စိတ်ထဲမှာလည်း ဒီသီချင်းနဲ့ ပတ်သက်တဲ့ သံစဉ်တွေက အလိုလိုဖြစ်လာ တာနဲ့ ပေါင်းရေးမယ်ဆိုပြီး ရေးဖြစ်ခဲ့တဲ့သီချင်းပါ။ စာသားတွေကတော့ နောက်မှနှစ်ယောက်ညှိပြီး ထည့်လိုက်ကြတာပါ'' လို့ ဆိုပါတယ်။
လူငယ်ပီပီ ချစ်သူနဲ့ခွဲပြီးမနေ ထိုင်ချင်တဲ့ကာလ၊ အချစ်နဲ့ဘ၀ ညီမျှနေတဲ့ကာလမှာ ဒီလိုမဝေးကွာလိုတဲ့ အကြောင်းကြောင့်ပဲ ဒီပုံစံလေးဖန်တီးရတယ်လို့ စာသားနဲ့ပတ်သက်ပြီး စိုးနိုင်ထွန်းက ဖြည့်စွက်ပြောကြားခဲ့သလို အဲလက်စ်က ''ဒီသီချင်းကရေးကြရင်းနဲ့မှ သူ့ရဲ့ပုံစံ အနေအထားကြောင့် ဒီနာမည်ကိုရွေးပြီး ပေးခဲ့တဲ့သီချင်းပါ'' လို့သီချင်း ခေါင်းစဉ်ပေးဖြစ်ပုံဆိုပြန်ပါတယ်။
ဆယ်ကျော်သက်ဘ၀ နူးညံ့လှပတဲ့ အချစ်တင်စားထားတဲ့ တေးသီချင်းဟာ ဟော်လိုဂစ်တာကို အခြေခံကာ ဖွဲ့စည်းထားခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အဲလက်စ်ကတော့ ခုချိန်မှာ အဲလိုနူးညံ့မှုတွေ ပြန်မရနိုင်ဘူး လို့ အဆုံးသတ်ကို ဆိုခဲ့ပါတော့တယ်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်