Saturday, November 12, 2011

တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အိမ်ခြေ ၉ လုံးဆုံးရှုံးခဲ့

b32_15
မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များကို တွေ့ရစဉ်

တောင်ဒဂုံမြို့နယ်၊ ၁၀၇ ရပ်ကွက်၊ ဥက္ကာလမ်းတွင် နိုဝင်ဘာ ၇ ရက်နေ့က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ နေ အိမ် ၉ လုံးခန့် လောင်ကျွမ်းပျက်စီးခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ကာ ၁၀ နာရီ ၁၅ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့်နေအိမ် ခုနစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ်နှစ်လုံးမှာ မီးမကူးစေရန် ဖြိုချခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

''မီးလောင်ခံရတဲ့အိမ်တစ်လုံးမှာ လေဖြတ်နေတဲ့ အဖွားကြီးတစ်ယောက်ကို မီးထဲကနေ ကယ်ထုတ်ခဲ့ရတယ်။ အိမ်တစ်လုံးကတော့ အိမ်သားတွေခရီးသွားနေလို့ ဘယ်သူမှမရှိဘူး။ မီးလောင် လောင်ချင်းပဲ ရပ်ကွက်မှာ နေသူတွေ အကုန်လုံး ၀ိုင်းငြှိမ်းကြတယ်။ မြောင်းထဲက ဗွက်ရေတွေနဲ့ ပက်ပြီးတော့လည်း ငြှိမ်းခဲ့ရတယ်'' ဟု မျက်မြင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောပြခဲ့သည်။ ''အဖွားအိုတစ်ယောက်ဆို မီးလောင်တော့ ကြောက်လန့် တကြားနဲ့ နောက်ဖေးပေါက်ကနေ ထွက်ပြေးရင်း မိလ္လာတွင်းထဲပြုတ်ကျသွားလို့ မနည်းပြန်ဆယ်လိုက်ရတယ်'' ဟု မီးသတ်တပ်ဖွဲ့ ၀င်တစ်ဦးက ပြောပြခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၄ နှစ်အရွယ်ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ အုပ်ချုပ်မှု ယာဉ် ၅ စီး၊ မီးသတ်ယာဉ် ၁၉ စီးလာ ရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကို (ပ) ၁၁၇၄/၁၁ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်