ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်၌ ပုဇွန်တောင်ချောင်း ကမ်းပါးပြိုကျမှုကြောင့် ချောင်းအနီး ရပ်ကွက်တွင်နေထိုင်သူများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။
ပုဇွန်တောင်ချောင်း ကမ်းပါး ပြိုကျခြင်း၊ ချောင်းဘေးမြေသားများ နိမ့်ဆင်းလာခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ချောင်းအနီးရှိ ကျီစုရပ်ကွက် တွင် နေထိုင်သူများက ချောင်းကမ်းပါး ရေတိုက်စားပြိုကျမှု ယခုထက် ပိုဆိုးလာမည်ကို စိုးရိမ်နေခြင်း ဖြစ်ကြောင်းသိရသည်။
“ကျွန်မတို့နေတာက ကျီစုရပ်ကွက် သီရိမင်္ဂလာလမ်းထဲမှာ နေထိုင်တာဖြစ်ပါတယ်။ လမ်းနဲ့ချောင်းနဲ့က ကပ်နေတော့ ရေတိုက်စားလို့ ကမ်းပြိုမှာ ကြောက်နေကြပါတယ်။ အရင်တုန်းက ဒီလမ်းရဲ့ ဟိုဘက်ခြမ်းမှာဆို အိမ်တွေ၊ လမ်းတွေရှိသေးတယ်။ ကျွန်မတို့က ဒီမှာ ပဲကြီးပြင်းလာတာ ကျွန်မတို့နေခဲ့တဲ့ အိမ်ဆို အရင်က ဟို ဘက်ခြမ်းပေါ့။ အခုတော့ ချောင်းရေ ပြင်ဖြစ်နေပြီလေ။ ရေတိုက်စားလို့ ချောင်းကမ်းပါးက ၀ုန်းကနဲပြိုတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းအိကျလာပြီး တစစနဲ့ပြိုနေတဲ့သဘောပါ။ အရင် နှစ်တုန်းကလည်း ချောင်းနံဘေးမှာ ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းဥပုသ်ဆောင်ဆို ဆောက်ပြီး မြေပြင် နိမ့်ကျလာလို့ နေရာရွှေ့ဆောက်ခဲ့ရ တာရှိပါတယ်။ အခု လမ်းဒီဘက်ခြမ်းလည်း ဒီပုံစံအတိုင်းဆို နောက်တစ်နှစ် နှစ်နှစ်လောက်မှာကျန်မှာ မဟုတ်ဘူးလို့ စိုးရိမ်နေရတာပေါ့” ဟုဒေါပုံ မြို့နယ်၊ ကျီစုရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ ၀န်းကျင် အမျိုးသမီးတစ် ဦးက ပြောကြားခဲ့သည်။
အဆိုပါ ကမ်းပါးပြိုကျမှုမှာ အောက်တိုဘာလ ၃ ရက်နေ့တွင် တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ယခုအခါတွင် မြေသားနိမ့်ဆင်းလာရာမှ လုံးဝပြိုကျသွားခြင်းဖြစ်သည်။
“ပထမတစ်ခေါက် ကမ်းပါးပြိုကျတုန်းကတော့ လူနေအိမ်တွေနဲ့ ဝေးပါတယ်၊ အခု ပြိုကျတာကတော့ အိမ်တွေနဲ့နီးလာပါတယ်” ဟုအဆိုပါ ကမ်းပါးအနီးတွင် နေထိုင်သူတစ်ဦး က ပြောကြားခဲ့သည်။
ယခင်နှစ်ကလည်း ကမ်းပါး ရေတိုက်စားမှုကြောင့် သာသနာ့ အလင်းရောင် ပရိယတ္တိစာသင်တိုက် ၏ ကမ်းပါးအနီး၌ ဆောက်လုပ်ထားသည့် ဥပုသ်သည်များ နားနေဆောင် မှာ ဆောက်လုပ်ပြီး မကြာမီ ရေတိုက်စားမှုကြောင့် မြေသားနိမ့်ဆင်းကာ ပြိုကျခဲ့၍ ပြန်ဖျက်ကာ နေရာသစ်တွင် ပြန်လည်ဆောက်လုပ် ခဲ့ရကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်၊ ကျီစုရပ်ကွက်ရှိ သီရိမင်္ဂလာလမ်းမှာ ပုဇွန်တောင် ချောင်းကမ်းနံ ဘေးတွင်ရှိပြီး အဆိုပါ လမ်းတစ်လျှောက်ရှိ ချောင်းကမ်းနံဘေးအချို့ နေရာများတွင် ချောင်းရေတိုက်စားမှု ကြောင့် မြေပြိုဆင်းမှုဖြစ်ပေါ်နေကာ လမ်းနှင့်ချောင်းကပ်လျက် နီးပါးဖြစ်နေသဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးစေလိုကြောင်း အဆိုပါကမ်း ပါးအနီးတွင် နေထိုင်သူများက လိုလားနေကြောင်းလည်း သိရသည်။
ပုဇွန်တောင်ချောင်းမှ ရေတိုက်စားကာ ပြိုကျနေသော ကမ်းပါးများသည် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ ပုဇွန်တောင်ချောင်းကမ်းပါး အထိ တဖြည်းဖြည်းပြိုကျလျက်ရှိ ကြောင်း သိရသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်