အမေရိကန်နှင့် ကာလကြာရှည်စွာ ဆက်ဆံရေးတင်းမာခဲ့ပြီး အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက နိုင်ငံခြား ဝန်ကြီး ဟီလာရီကလင်တန်ကို သမိုင်း ဝင်ခရီးစဉ်အဖြစ် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဟီလာရီကလင်တန်သည် နှစ်ပေါင်း ၅ဝ ကျော်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် ပထမဆုံး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာလိမ့်မည်ဟု ဆိုသည်။ အိုဘားမားသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပနေသော အရှေ့တောင်အာရှနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေး၌ ယင်းအစီအစဉ်ကိုနိုဝင်ဘာလ ၁၈ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ အိုဘားမားသည် အမေရိကန်-မြန်မာ စေ့စပ်ညှိနှိုင်းရေးကို နက်ရှိုင်းအောင်ပြုလုပ်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ထံမှ သဘောထားရယူရန်ပထမဆုံးအကြိမ်အဖြစ် အားထုတ်မှုလည်းဖြစ်သည်။ အမေရိကန်သမ္မတဘားရက်အိုဘားမားသည် နိုဝင်ဘာလ၁၇ ရက်နေ့ညက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သော်လည်း အနေအထားများ ပြောင်းလဲလာပါက ပိုမိုကောင်းမွန်သော ဆက်ဆံရေးကဏ္ဍများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းမူဝါဒ ချမှတ်ထားခဲ့သည်။
ယခု ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံသို့ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ လူပုဂ္ဂိုလ် တစ်ဦးချင်းဆိုင်ရာ အခွင့်အရေးနှင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်တိုးတက်မှုတို့အပေါ် အမေရိကန် ပြည်ထောင်စုအနေဖြင့် ထောက်ပံ့ကူညီနိုင်မည့် နည်းလမ်းကို လေ့လာရန် ဖြစ်သည်ဟုဆိုသည်။ ၎င်းအပြင် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများကကုန်သွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပိတ်ဆို့မှုများလည်း မြန်မာနိုင်ငံအပေါ် အကြီးအကျယ်ပြုလုပ်ခဲ့သည်။ယခုအခါ ယခုနှစ်မတ်လတွင် စတင်ရုံးထိုင်သော အရပ်သားအစိုးရအဖွဲ့က ယခင်စစ်အစိုးရအောက်၌ ရှိခဲ့သော တင်းကျပ်သည့်မူဝါဒများကို ၎င်းတို့အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။ မြန်မာနိုင်ငံအစိုးရ အဖွဲ့သစ်က ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲမှုများတွင် စာပေစိစစ်ရေးမူဝါဒများ လျှော့ပေါ့ပေးခြင်း၊ အလုပ်သမားသမဂ္ဂကို တရားဝင်ဖွဲ့စည်းပေးခြင်း၊ တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်နေသော မြစ်ဆုံဆည် စီမံကိန်းကိစ္စကို လူအများ မကြိုက်၍ ရပ်ဆိုင်းထားခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်လည်း အရှေ့တောင်အာရှ နိုင်ငံများ ထိပ်သီးအစည်းအဝေးအတွင်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်