စားသောက်ကုန်များ၌ မှိုဆိပ်၊ အဆိပ်ရှိသော ဘက်တီးရီးယား၊ ပိုးသတ်ဆေးနှင့်ဆိုင်ရာ နိုက်အဆိပ်ပါဝင် မှုရှိ မရှိကို စမ်းသပ်နိုင်သော စက်ပစ္စည်းသစ်အား စားသောက်ကုန် ဓာတ်ခွဲခန်းသစ်တွင် တပ်ဆင်ပြီးဖြစ်ကြောင်းကို မြန်မာနိုင်ငံ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
လက်ခံစစ်ဆေးပေးရာတွင် ရေသန့်အပါအ၀င် စားသောက်ကုန်များတွင် ဘက်တီးရီးယားပါဝင်မှု၊ တာရှည်ခံပစ္စည်း ထည့်သွင်းထားမှု ရှိ မရှိကို စစ်ဆေးပေးနိုင်မည်ဟု သိရသည်။
အဆိုပါစက်သစ်များဖြင့် စမ်းသပ်ရာတွင် အဓိက အမျိုးအစား ငါးမျိုးအားစစ်ဆေးနိုင်ပြီး အစာဖြည့်စွက်ပစ္စည်းများပါဝင်မှု စစ်ဆေးခြင်း၊ ပဋိဇီဝဆေးပစ္စည်းပါဝင်မှု စမ်းသပ်ခြင်း၊ မှိုဆိပ်နှင့်အဆိပ်ရှိသော ဘက်တီးရီးယားပါဝင်မှု စမ်းသပ်ခြင်း၊ ပိုးသတ်ဆေး အကြွင်းအကျန်ပါဝင်မှုနှင့်ဆိုင်ရာ နိုက်အဆိပ်ပါဝင်မှု ရှိ၊ မရှိ ကို စမ်းသပ်နိုင်ကြောင်း သိရသည်။
''မှိုဆိပ်နဲ့ အဆိပ်ရှိတဲ့ ဘက် တီးရီးယားပါဝင်မှုမှာတော့ အာဖလာ တောက်စင်ပါဝင်မှုအပိုင်းနဲ့ အဆိပ်ရှိတဲ့ ဘက်တီးရီးယားပါဝင်မှု အပိုင်းဆိုပြီး နှစ်မျိုးစစ်နိုင်တယ်။ အစာဖြည့်စွက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ အရောင်၊ အနံ့၊ ကြာရှည်ခံ၊ အချို၊ အချဉ်၊ ဆီပျော်ရေပျော်သမ ပစ္စည်း၊ ပွဆေး၊ ခိုင်ဆေး၊ မှုန့်ညက် မစေးပစ္စည်း၊ အမြှုပ်မထွက်ပစ္စည်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ထည့်သွင်းထားမှုကို စစ်ဆေးနိုင်တာလို့ သိရတယ်'' ဟု စားသောက်ကုန်ထုတ်လုပ်သူတစ်ဦးက ဓာတ်ခွဲခန်းမှ ထုတ်ပြန်ထားချက်များအပေါ် ပြန်လည်ပြောကြားခဲ့သည်။
''စက်ကတော့ တပ်ဆင်ပြီးသွားပြီ။ အသုံးပြုဖို့အတွက် သင်တန်းပေးတာပြီးပြီဆိုတော့ လက်ခံစစ်ဆေးပေးဖို့အတွက် အားလုံးနီးပါး အဆင်သင့်ဖြစ်နေပါပြီ။ မကြာခင်မှာတော့ စပြီးလက်ခံစစ်ဆေးပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ လက်ခံစစ်ဆေးလို့ရမယ့်ရက်ကို ထပ်ပြီး ထုတ်ပြန်ပေးသွားပါမယ်''ဟု စားသောက်ကုန် အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်