Saturday, November 26, 2011

ကုလားတန်မြစ်ကြောင်းတွင် ကုလက်ဝအထိ မြစ်ကြောင်းချဲ့မည်မဟုတ်ဘဲ ပလက်ဝအထိသာ ပြုလုပ်မည်၊ အိန္ဒိယနယ်စပ်အထိ ဆက်သွယ်မည့် ကားလမ်းကိုလည်း ဖောက်လုပ်နေ

ဘက်စုံ စီမံကိန်းလုပ်ဆောင်နေသည့် ကုလားတန်မြစ်ကြောင်းတွင် မူလကရည်ရွယ်ထားသည့်အတိုင်း ကုလက်ဝအထိ မြစ်ကြောင်းချဲ့တော့မည်မဟုတ်ဘဲ ပလက်ဝမြို့နယ်အထိသာ မြစ်ကြောင်းချဲ့ခြင်းကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ချင်းပြည်နယ်မှ မြစ်ဖျားခံကာ ရခိုင်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းပြီးနောက် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သွားသည့် ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်တွင် အရှည်လျားဆုံးသော မြစ်တစ်စင်းဖြစ်ပြီး လက်ရှိ တွင် မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ ပူးပေါင်းကာ ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း(Kaladan Multi-Modal Transit Transport Project-KMMTTP) ကို လုပ်ဆောင်နေသည်။

စီမံကိန်း၏ အဓိကအပိုင်းမှာ စစ်တွေဆိပ်ကမ်းကို အဆင့်မြှင့်တင်ခြင်း၊ မြစ်ကြောင်းတစ်လျှောက်လုံးကို ချဲ့ခြင်းတို့ဖြစ်ကာ မူလက စီမံ ကိန်းတွင် ချင်းပြည်နယ် ကုလက်ဝအထိ မြစ်ကြောင်းချဲ့ရန် ရည်ရွယ်ထားသော်လည်း ယခုအခါတွင် ပလက်ဝအထိ မြစ်ကြောင်းချဲ့ခြင်း၊ ပလက်ဝတွင် ဆိပ်ကမ်းတည်ဆောက်ခြင်း၊ ပလက်ဝမှ အိန္ဒိယနယ်စပ်အထိ ကားလမ်းတည်ဆောက်ခြင်းတို့ ပြုလုပ်ရန် ပြောင်းလဲထားသည်ဟု သိရှိရသည်။

''စစ်တွေဆိပ်ကမ်းကတော့ အဓိကပေါ့။ ပလက်ဝမှာလည်း ဆိပ်ကမ်းတစ်ခုလုပ်မယ်။ အစကတော့ ကုလက်ဝအထိ မြစ်ကြောင်းချဲ့ပြီးမှ ဆိပ်ကမ်းလုပ်ဖို့ အစီအစဉ်ရှိတယ်။ ကုလက်ဝအထိဆိုရင် သောင်တူးရမှာက ၂၉ နေရာလောက်ရှိတယ်။ နှစ်စဉ်စရိတ်လည်း ကုန်ကျမယ်။ ဒါကြောင့် ပလက်ဝအထိပဲလုပ်မယ်လို့ ပြောင်းလိုက်တာလို့ သိရပါတယ်'' ဟု GDI Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

''လေ့လာရေးအဖွဲ့သွားတုန်းက သိခဲ့တဲ့အနေအထားအရ စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝဆိပ်ကမ်းနှစ်ခုလုံး တည်ဆောက်ရေးလုပ်ငန်းတွေ စလုပ်နေပြီ။ ပလက်ဝကနေ အိန္ဒိယနယ်စပ်အထိကိုတော့ ကားလမ်းဖောက်နေပြီ။ လမ်းဖောက်မယ့် လမ်းအူကြောင်း ရှင်းလင်းရေးတွေ၊ တံတားထိုးဖို့ လိုအပ်တဲ့နေရာမှာ တံတားထိုးတာတွေလုပ်နေတာ ဒေသခံတွေပြောကြားချက်အရ သိခဲ့ရပါတယ်''ဟု ၎င်းက ပြောပြသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းကို အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်းလျက် ၂၀၀၉ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်