မကြာမီကာလအတွင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်အတွက် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က နိုဝင်ဘာလ ၂၅ ရက်နေ့ကပြု လုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မီဒီယာ တစ်ခုမှ “အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် မြန်မာ နိုင်ငံကိုလာရောက်တဲ့အခါမှာ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပါသလား။ ဘာအရေးကိစ္စတွေ ဆွေးနွေးဖို့ရှိပါသလဲ”ဟုမေးမြန်းခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
| ဟိုတုန်းက မြန်မာနိုင်ငံမှာ အမေရိကန် သံအမတ်ထားတယ်။ အဲဒီ အတိုင်းပဲ အမေရိကန်နိုင်ငံမှာလည်း ဟိုတုန်းကမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးရှိတယ်။ ဒီနေ့ မရှိကြတော့ဘူး။ အဲဒီမရှိခြင်းကို ကြည့်လိုက်မယ်ဆိုရင် အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ကျဲနေတယ်။ မကောင်းဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဒီနေ့ကျတော့ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်လာဖို့အတွက် လမ်းပွင့်လာသလိုပဲ . . . |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဒါနဲ့ပတ်သက်လို့ လောလောဆယ် သိရသလောက် ကတော့ စီးပွားရေးပိတ်ဆို့မှု အကြောင်းတော့ သူတို့ဘက်က ပေးလာတဲ့ကမ်းလှမ်းချက် (hence) မှာ တော့ မပါဘဲနဲ့ ခုနက ပြောခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ အတွက် အခြေပြုတယ်လို့ပဲ ယူဆပါတယ်။ ဒီကြားထဲမှာ သူတို့ဘက်က ပြောလာမယ်ဆိုလို့ရှိရင်တော့ မိမိတို့ ဘက်ကလည်း ပြောဖို့အသင့်ရှိပါတယ်။ ခုနက စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့၊ ပြည်သူ့ကိုယ် စားလှယ်တစ်ယောက်အနေနဲ့ အမေရိကန်နိုင်ငံ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များနဲ့ တွေ့တဲ့အခါတိုင်းမှာ မိမိပြောဆို သုံးနှုန်းတာကတော့ မြန်မာနိုင်ငံမှာ ရှိကြတဲ့ ပြည်သူများအတွက် ဒုက္ခရောက်စေတဲ့ policy မှန်သမျှ၊ လုပ်ရပ်မှန်သမျှကိုတော့ မိမိတို့မကြိုက်ဘူး။ အဲဒီအတိုင်းပဲ မိမိတို့ပြည်သူ မကြိုက်ဘူးဆိုတာတော့ အမြဲတမ်း ပြောဆို ဆွေးနွေးလျက်ရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ မီဒီယာတစ်ခုက “အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်မှုက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ ဘယ်လိုအရေးပါပါသလဲ။ သူတို့အပေါ် ဘယ်လိုများအပြောင်း အလဲတွေမြင်ပါသလဲ”ဟု မေးမြန်းချက်အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဒီမေးခွန်းက အင်မတန်မေးသင့်တဲ့ မေးခွန်းပါပဲ။ မိမိတို့ကတော့ အမေရိကန်နိုင်ငံက တကယ့် အရေးပါ အရာရောက်တဲ့ ဟီလာရီကလင်တန်(နိုင်ငံခြားရေး ၀န်ကြီး) လာမှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ကြိုဆိုတယ်။ ၀မ်းသာတယ်။ မိမိတို့ဘက်က ဘယ်လိုမျှော် လင့်ချက်ထားလဲဆိုတဲ့အခါမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပုံမှန်ဆက်ဆံရေး မရှိဘူး။ တကယ်တန်းကျတော့ မိမိတို့က ပုံမှန်ဆက်ဆံရေး ရှိစေချင်တယ်။ အခုလိုလာခြင်းသည် ပုံမှန် ဆက်ဆံရေးရရှိဖို့ လာတယ်ဆိုတဲ့ အတွက် အင်မတန်ကောင်းတဲ့ကိစ္စ ရပ်ပါပဲ။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒလည်း သိပြီးဖြစ်တဲ့အတိုင်းပဲ လွတ်လပ်ပြီးတက်ကြွ တဲ့ နိုင်ငံခြားရေးဝါဒ ကျင့်သုံးတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက်အပေါ်မှာ အခြေခံပြီး ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်တယ်။ အဲဒီဟာလည်း မိမိတို့ နိုင်ငံအနေနဲ့ အားလုံးဟာ မိတ်ဆွေ နိုင်ငံတွေလို့သဘောထားပြီး ဆောင်ရွက်တဲ့နေရာမှာ ဒီကြားထဲမှာတော့ အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံ အ ကြောင်းကြောင်းတွေကြောင့် ဆက်ဆံရေး နည်းနည်းကျဲခဲ့သလို ပြီးတဲ့ အခါမှာလည်း ဆက်ဆံရေးအဆင့်လည်း နိမ့်ထားတာ အသိပဲဖြစ်ပါ လိမ့်မယ်။ သဘောကတော့ မြန်မာ နိုင်ငံမှာ သံအမတ်ကြီး မထားဘူး။ဟိုတုန်းက မြန်မာနိုင်ငံမှာ အမေရိကန်သံအမတ်ထားတယ်။ အဲဒီ အတိုင်းပဲ အမေရိကန်နိုင်ငံမှာလည်း ဟိုတုန်းက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးရှိတယ်။ ဒီနေ့ မရှိကြတော့ဘူး။ အဲဒီမရှိခြင်းကို ကြည့်လိုက်မယ်ဆိုရင် အမေရိကန်နဲ့ မြန်မာနိုင်ငံဆက်ဆံရေး ကျဲနေတယ်။ မကောင်းဘူး ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဒီနေ့ကျတော့ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်လာဖို့အတွက် လမ်းပွင့်လာသလိုပဲ နောင်အချိန်တွေမှာလည်း မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကလည်း တိုးမြှင့်လာနိုင်တယ်လို့ မိမိတော့ ဒီလိုပဲမျှော်လင့်တဲ့အတွက် မေးခွန်း ရဲ့အဖြေကတော့ ကောင်းတဲ့ကိစ္စ တစ်ခုဖြစ်တယ်။ ဒီကောင်းတဲ့ကိစ္စ က နိုင်ငံအစိုးရတင် မဟုတ်ဘူး။နှစ်နိုင်ငံပြည်သူများနဲ့ ကမ္ဘာအတွက်ပါ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်တယ်လို့ မိမိအနေနဲ့ ဒီလိုပဲထင်ပါတယ်”ဟု ထပ်မံဖြေကြားခဲ့သည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်