
ဒီတစ်လရတီပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးလိုတဲ့ ကိုရီးယားမင်းသား တစ်ဦးကတော့ ‘ပေါင်မုန့် အချစ်အိပ်မက်လေးရယ်’ ဆိုတဲ့ အမည်နဲ့ မြဝတီရုပ်သံက ပြသသွားတဲ့ King of Baking,Kim Tak Goo(ပေါင်မုန့်ဘုရင် ကင်မ်ထက်ဂူ) ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ လူကြိုက်များလာတဲ့ ယွန်းဆီယွန်းပဲဖြစ်ပါတယ်။ King of Baking ဇာတ်လမ်းတွဲ ဟာ ဆိုရင် Jumong ဇာတ်လမ်းတွဲပြီးတဲ့နောက် စံချိန်တင်အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒီဇာတ်ကားနဲ့အတူ ပေါင်မုန့်ဖုတ်တော်တဲ့ ကောင်လေး ထက်ဂူ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဆီယွန်းလည်းအောင်မြင်လာတာဖြစ်ပါတယ်။ ယွန်းဆီယွန်းရဲ့ ငယ်နာမည်က ယွန်းဒေါင်ဂူဖြစ်ပြီး အသက် ၂၄ နှစ်ရှိပါပြီ။ ထက်ဂူဆိုတဲ့ ဇာတ်ဆောင် အနေနဲ့ အောင်မြင်လာပေမယ့် သူပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွေကတော့ အခုမှ ၅ ကားပဲရှိပါသေးတယ်။ ဒါပေမဲ့ ထူးချွန်ဆုအနေနဲ့ကတော့ King of Baking, Kim Tak Gooကားရဲ့ အကောင်းဆုံး မင်းသားဆု၊ လီယောင်အာနဲ့တွဲပြီး အဲဒီဇာတ်ကားမှာပဲ အကောင်းဆုံးစုံတွဲဆုတွေ ရခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး ပွဲဦးထွက် ဇာတ် ကား ကတော့ High Kick Through The Roof (၂ဝဝ၉) ဖြစ်ပြီး ခေါင်းဆောင်မင်းသား အဖြစ် စတင်နေရာရခဲ့တာကတော့King of Baking, Kim Tak Goo (၂ဝ၁ဝ) ကားမှာမှ ဖြစ်ပါတယ်။ ကဲ အခုလို အချိန်တိုတိုနဲ့ ပရိသတ်ရင်ထဲ ရောက်လာနိုင်ခဲ့တဲ့ ဆီယွန်းနဲ့ အင်တာဗျူးလေးကိုလည်း ဖတ်ကြည့်ပါဦးနော်။
ဆီယွန်းရေ၊ အခုဆိုရင် ပထမဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားတုန်းကထက်စာရင် အရမ်းကို လူကြိုက်များတဲ့သူ ဖြစ်လာတော့ ဘယ်လိုခံစားရလဲ ပြောပါဦး။
ဟုတ်လား၊ ကျွန်တော် တကယ်မသိပါဘူး။ ရိုက်ကွင်းမှာပဲ အမြဲရှိနေလို့လေ။ တစ်ခါတလေ ပြင်ပရိုက်ကွင်းတွေမှာ လာတွေ့ ကြတဲ့ ခပ်ငယ်ငယ် ပရိသတ်တွေတော့ ရှိပါတယ်။ မကြာသေးခင်ကပဲ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးကလည်း ကျွန်တော့်ကိုနှုတ်ဆက်တယ်ဗျ။ အဲဒီအချိန်မျိုးတွေဆိုရင်တော့ ငါနည်းနည်းတော့ နာမည်ကြီး လာပြီလို့ ခံစားမိတယ်။
The Road to Meဆိုတဲ့ ဇာတ်ဝင်သီချင်းကို လူတွေသတိထားမိကြတယ်နော်။ အဲဒါတကယ်ကိုယ်တိုင် ဆိုခဲ့တာလားလို့ တချို့ ပရိသတ်တွေက သိချင်နေကြတယ်။ တကယ်ပေါ့ဗျာ။ ဒါပေမဲ့ လေ့ကျင့်လွန်းလို့ရိုက်ကွင်းမှာ လည်ချောင်းနာနေ လျက်နဲ့ ဆိုခဲ့ရတာ။
ကျောင်းမှာတုန်းက ဆီယွန်းက ဘယ်လိုဝတ်ရတာကြိုက်လဲ။
ကျွန်တော်က သာမန်ကျောင်းသားတစ်ယောက်ပါ။ ကျွန်တော်က လူတွေကိုသဘောကျတယ်၊လူကြီးတွေကိုရောပဲ။ ဒါကြောင့် ဆရာ၊ ဆရာမတွေအတွက် ချစ်စရာကောင်း တဲ့ သူမျိုးလို့ထင်တာပဲ။ ကျွန်တော်က လူအများရဲ့ရှေ့ထွက်ရပ်ရတာ ကြိုက်တယ်။ အတန်းခေါင်းဆောင်လည်း လုပ်တယ်။ အများကို ဦးဆောင်ရတာထက် အများရှေ့ ထွက်ရတာမျိုး ပိုကြိုက် တာပေါ့။ ဒါကြောင့် ကျွန်တော့်အတန်းရဲ့ ခါင်းဆောင်နဲ့ဖျော်ဖြေသူက ကျွန်တော်ဖြစ်နေတာပေါ့ ဟား….ဟား..။
မင်းသားသစ်တစ်ယောက်အနေနဲ့ ဘယ်လိုရည်မှန်းထားတာတွေရှိလဲ။
ကိုယ့်ကိုယ်ကိုယ် မင်းသားတစ်ယောက်ပါလို့ ယုံယုံကြည်ကြည် ပြောနိုင်လောက်အောင် တော်ချင်ပါတယ်။ မင်းသားဆိုတာ ကိုယ်သရုပ်ဆောင်ထားတဲ့အပေါ် တာဝန် ရှိပါတယ်။ ကြည့်နေတဲ့ပရိသတ် ယုံလောက်အောင် လုပ်နိုင်ရမယ်။ ကျွန်တော် အဲဒီလောက် မထူးချွန်သေးပါဘူး။ အချိန်တိုအတွင်းထူးချွန်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်မလာမှန်း သိပေမယ့် ရင်ထဲမှာဆုံးဖြတ်ထားပြီး အခုကစပြီးကြိုးစားနေပါတယ်။
သာမန်ဘဝမျိုး နေထိုင်ချင်တာမျိုးထက် အောင်မြင်လာတဲ့ဘဝမှာကော အဲဒီလိုနေဖို့ ဖြစ်ပါ့မလား။
ကျွန်တော့်အချိန်တွေကို သာမန်လူတွေ ပုံစံအတိုင်းပဲ သုံးတာပါ။ လူတွေ ကိုယ့်အနားမှာရှိနေပြီး သူတို့နဲ့စကားပြောရတာ ပျော်တယ်။ အလုပ်တွေ ကြိုးကြိုးစားစား လုပ်ပြီးရင် သူငယ်ချင်းတွေနဲ့ ၁ နာရီလောက်ဖြစ်ဖြစ် ဘီယာသောက်တာမျိုးပေါ့။
ဘေ့စ်ဘောကြိုက်တယ်လို့ ကြားဖူးတယ်။
ဘေ့စ်ဘောရဲ့ တကယ့်ပရိသတ်ပေါ့။ ဘေ့စ်ဘောကြိုက်သူဆိုရင်ပဲ အလိုအလျောက် ကျွန်တော့်ဘေးလာနေလို့ရပြီ။ အဲဒီလောက်ကို ကြိုက်တာပါ။
ကိုယ့်ကိုယ်ကိုယ် အလုပ်ကြိုးစားတဲ့သူလို့ ပြောချင်လား။
ဖြစ်ချင်ပါတယ်။ မဖြစ်သေးပေမယ့် ဖြစ်လာပါလိမ့်မယ်။
ဇင်မြင့်စံ












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်