ဒီသီချင်းလေးက ထူးထူးခြားခြား ပထမဆိုတဲ့ စကားလုံးတွေစုနေတဲ့ သီချင်းတစ်ပုဒ်။ ဒါပေမဲ့လည်း သီချင်းနာမည်လေးကလတွေ ရဲ့နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ အေးချမ်းမှုနဲ့ အချစ်ကပေးစွမ်းတဲ့ ခံစားမှုရသတွေကို ပေါင်းစပ်ဖွဲ့သီထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ ဒီဇင်ဘာအချစ်လို့ခေါ်ပြီး အိုအေစစ် စတူဒီယိုရဲ့တီးဝိုင်းခေါင်းဆောင် ကိုသက်ရဲ့ပွဲဦးထွက်သီချင်းပဲဖြစ်ပါတယ်။ မူရင်း အဆိုတော်ကတော့ ဖြူသီဖြစ်ခဲ့ပြီး အဆိုတော်ဇော်ပိုင် စီစဉ်တဲ့ ၁၂ ရာသီအချစ် စီးရီးမှာတော့ ဟိန်းဇော်က ရပ်ပ်စာသားတွေဖြည့်လို့ မေစံပယ်ညိုနဲ့ မြူးမြူးကြွကြွ တေးပုံသဏ္ဌာန်လေး ပြန်လည် ဖန်တီးခဲ့ပါတယ်။
မိုင်ပေါင်းကုဋေဆိုတဲ့ အဆိုတော် ဖြူသီရဲ့ပထမဆုံးတစ်ကိုယ်တော် စီးရီးရဲ့ ပထမဆုံးအပုဒ်မှာ ပါဝင်တဲ့ ဒီဇင်ဘာအချစ် သီချင်းလေးကို တေးရေးသူကိုသက်က သူ့အနီး ပြတင်းပေါက်က တစ်ဆင့် မြင်တွေ့ရတဲ့ စုံတွဲလေးတစ်တွဲကနေ မွေးဖွားခဲ့တာပဲဖြစ်ပါ တယ်။ “ဒီသီချင်းက သံစဉ်ရော၊ စာသားရောဘယ်ဟာ အရင်ဆိုပြီး ရေးသားခဲ့တာ မဟုတ်ပါဘူး။ တစ်ရက်ဂစ်တာလေး တီးနေတုန်းအရှေ့ ပြတင်းပေါက်ကနေ စုံတွဲတစ်တွဲ ဖြတ်သွားတယ်။ အဲဒီစုံတွဲမှာကောင်မလေးရဲ့မျက်နှာက အပြစ်ကင်းစင်တာ ကို တွေ့တွေ့ချင်း ထူးထူးခြားခြားခံစားလို့ရတယ်။ ဒါနဲ့ပဲ ဒီအကြောင်းလေးကို စတည်မိခဲ့တာပါ”လို့ တေးရေးသူ ကိုသက်ကဆိုပါတယ်။
ဒီလိုသေးငယ်သော အတွေ့ ကလာတဲ့ ခံစားမှုလေးကိုပဲ ကိုသက်က စိတ်ခံစားမှုလေးနဲ့ စတည်ကာ အချစ်ကိုစသိကာစအရွယ်၊ အဖြူ သက်သက်လေးကို သိုးငယ်လေးနဲ့ ခိုင်းနှိုင်းဖွဲ့ဆိုလိုက်ပြီး သူရေးသားနေတဲ့ကာလရဲ့ရနံ့နဲ့အတူ စာသားကို လှပစွာဖွဲ့သီခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အိုအေစစ် စတူဒီယိုကလည်း စပြီးတည်ထောင်ကာစပါ။ အဲဒီ ကာလက ကော်ပီသီချင်းတွေ ခေတ်စားတဲ့အချိန်ဆိုတော့ ပထမဆုံးစီးရီးလုပ်တဲ့အခါ ကော်ပီတွေလည်း ထည့်လုပ်နေတုန်း ကျွန်မတို့အိုအေစစ် တီးဝိုင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကိုသက်က သူဆိုဖို့ ရေးထားတဲ့သီချင်း နှစ်ပုဒ်ရှိတယ် ဆိုပြီးပြပါတယ်။ တွေ့တယ်ဆိုရင်ပဲ သဘောကျတယ်။ ဘာလို့လည်းဆိုရင် အဲဒီတုန်းက ဇော်ဝင်းထွဋ်တို့ ညီအစ်ကိုလည်းရှိတယ်။သူတို့လေးတွေက အသက် ၁၈၊ ၁၉ လေးတွေနဲ့ သံစဉ်လေးတွေ ရှာလိုက်ကြနဲ့ ကြိုးစားတာမြင်ရတော့ ကြိုက်လည်းကြိုက်တယ်။ ဒါနဲ့ပဲသီချင်းကို စီးရီးရဲ့ အေဘက်အခြမ်းရဲ့ထိပ်ဆုံးမှာ အားလုံးတိုင်ပင်ပြီး သုံးခဲ့ဖြစ်ပါတယ်” လို့ ဖြူသီက ဆိုပါသည်။
ဒီသီချင်းကို လူငယ်အကြိုက် အဖြစ် ပြန်လည်ဖန်တီးယူခဲ့ပုံကိုလည်း မေစံပယ်ညိုက အမှတ်တရတွေနဲ့အတူ “၁၂ရာသီအချစ်မှာ ပြန်ဆိုတော့အရင် ပုံလေးက နည်းနည်းအငြိမ်လေးဆို တော့ ဒီဘက်ပုံလေးဖြစ်အောင် ပြန်လုပ်ယူခဲ့ပါတယ်။ ဟိန်းဇော်နဲ့သီဆိုတဲ့ ပထမဆုံး သီချင်းလည်းဖြစ်သလို ရှိုးပွဲလည်းတစ်ကြိမ်သာ ဆိုဖြစ်တယ်”လို့ ဆိုတဲ့စကားနဲ့အတူ “အဆိပ်မရှိတဲ့သိုး ငယ်လို”ဆိုတဲ့ တေးသွားအစကို ညလေအေးတွေကြားမှာ ကြားယောင်လို့နေမိပါတော့တယ်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်