ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရန် ရန်ပုံငွေအတွက် နှင်းဆီအဖွဲ့သားများ အနေဖြင့် ရန်ပုံငွေဖျော်ဖြေပွဲတစ်ခုကို ၂၀၁၂ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံ လေလုံ အားကစားရုံ၌ ပြုလုပ်ရန် စီစဉ်ထားပြီး ယင်းဖျော်ဖြေပွဲမှရရှိသည့် ၀င်ငွေအားလုံးကို အဆိုပါ ရုပ်ရှင်ရိုက်ကူးရန် ရန်ပုံငွေအဖြစ် လှူဒါန်းသွားရန် ဆုံးဖြတ်ထားသည်ဟု သတင်းရရှိသည်။ ယင်းသို့ ရန်ပုံငွေအငြိမ့် ကပြ ရန်ကို ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထု ပ္ပတ္တိ ရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အနုပညာရှင်များ တွေ့ဆုံညှိနှိုင်းပွဲအပြီး၌ နှင်းဆီ အဖွဲ့သားများ တိုင်ပင်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ နှင်းဆီအဖွဲ့သားတွေအားလုံး တိုင်ပင်ပြီးသွားပါပြီ။ အခုလို ကျွန်တော်တို့အားလုံး လေးစားအားကျခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိလို ဇာတ်ကားမျိုး ရိုက်ကူးတဲ့အခါမှာ ကျွန်တော်တို့တတ်စွမ်းတဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှင်းဆီ အဖွဲ့သားတွေအနေနဲ့ အခုလို တိုင်ပင်ပြီးဆုံးဖြတ် ဖြစ်သွားတာပါ။ ခေါင်းစဉ်က ရန်ပုံငွေလို့ တပ်မှာဖြစ်တဲ့ အတွက် ရလာတဲ့ငွေ အားလုံးကိုလည်း လှူဒါန်းသွားပါမယ်”ဟု သရုပ်ဆောင်ကျော်ကျော်ဗို က ရှင်းပြခဲ့သည်။
ဒါရိုက်တာမောင်မျိုးမင်း စီစဉ် တင်ဆက်သည့် နှင်းဆီအဖွဲ့အနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ ‘ထာဝရနှင်းဆီ’ အငြိမ့်အဖြစ် ကပြခဲ့ပြီးနောက် ပြည်တွင်းဖျော်ဖြေပွဲများကို ရပ်နားထားခဲ့ကာ ယခုအခါပြန်လည် ကပြဖျော်ဖြေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။၂၀၁၂နှစ် ဆန်းပိုင်းတွင်လည်း ဥရောပဖျော်ဖြေရေး ခရီးစဉ်သွားရောက်ရန် လက်ခံထားသည်ဟု သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်