ဒုတိယကမ္ဘာစစ်လက်ကျန် နှစ်တန်နီးပါးလေးသည့် ဗြိတိန်ဗုံးတစ်လုံးနှင့် အမေရိကန်ဗုံးတစ်လုံးကို ဂျာမနီတွင်တွေ့ရှိခဲ့ရာ ဂျာမနီအနောက်ပိုင်း ကော့ဘလဲင့်ဇ်မြို့ရှိ နေအိမ်များမှ လူ ၄၅၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည်။ ဗုံးဖယ်ရှားရှင်းလင်းရေး ကျွမ်းကျင်သူများက ယင်းဗုံးနှစ်လုံးကို အသက်မဲ့အောင် ပြုလုပ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၁ ဒသမ ၈ တန်ရှိ ဗြိတိန်ဗုံး တစ်လုံးနှင့် ပိုမိုသေးငယ်သည့် အမေရိကန်ဗုံးတစ်လုံးတို့ကို ရိုင်းမြစ်အတွင်း တွေ့ရှိပြီးနောက် အသက်မဲ့အောင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ကာလရှည် ခြောက်သွေ့မှုကြောင့် မြစ်၏ရေမျက်နှာပြင်နိမ့်ကျသွားစဉ် ဗုံးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဗုံးတွေ့ရှိသည့်နေရာမှ ၁ ဒသမ ၈ ကီလိုမီတာပတ်လည်အတွင်း နေထိုင်သူအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပေးခဲ့ရသည်။
ဗုံးနှစ်လုံးအပြင် ဒုတိယကမ္ဘာ စစ်ကျန် ၁၂၅ ကီလိုဂရမ်ရှိသည့် ဓာတုပစ္စည်းများထည့်သောစည်တစ်ခု ကိုလည်းတွေ့ခဲ့သည်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သော်လည်း မြို့တော် ဘာလင်တစ်မြို့တည်း၏အောက်မှာပင် ဗုံးအလုံး ၃၀၀၀ ခန့်ရှိနေသည်ဟု အာဏာပိုင်များက ယုံကြည်လျက်ရှိသည်။ မပေါက်ကွဲသေးသောဗုံးများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ပုံမှန်တွေ့ရှိနေသည်ဟု သိရသည်။
ပိုလန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တို့အပေါ် နာဇီတို့၏ လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် မဟာမိတ်တို့သည် ဂျာမနီနိုင်ငံပေါ်သို့ ဗုံးတန်ချိန် ၁ ဒသမ ၉ သန်း ကြဲချခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဇွန်လကလည်း ဂျာမနီနိုင်ငံဂို အက်တင်ဂင်မြို့တွင် ဗြိတိန်ဗုံးဟုယူဆရသော ကီလိုဂရမ် ၅၀၀ ရှိ မဟာမိတ်ဗုံး တစ်လုံးပေါက်ကွဲခဲ့ရာ ဂျာမနီ စစ်အင်ဂျင်နီယာတပ်သားသုံးဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
Ref: AFP












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်