၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ပြီး ပြည် သူများ၏ ရွေးချယ်မှုအများစုဖြင့် အရပ်သား ဒီမိုကရေစီအစိုးရသစ် တစ်ရပ်ကို ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ အစိုးရသစ် ပေါ်ပေါက်လာပြီး နောက် လွှတ်တော်အမတ်များထဲမှ အစိုးရတာဝန်ကို ထမ်းဆောင် သွားသူများနှင့် အခြား လစ်လပ်သွားသောနေရာ ၄၈ နေရာတွင် ရွေးကောက် တင်မြှောက်နိုင်ရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်သည်။အစိုးရသစ်လက်ထက် ရွေးကောက်ပွဲ
ပြီးခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ)က ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲဖြစ်ပြီး ယခုပြုလုပ် မည့် ကြားဖြတ်ရွေးကောက်ပွဲ မှာမူ ဒီမိုကရေစီ အစိုးရသစ် လက်ထက် ပထမဆုံး ပြုလုပ်ပေးသော ကြားဖြတ် ရွေးကောက်ပွဲလည်း ဖြစ်သည်။ ဆိုရလျှင် အစိုးရသစ်လက် ထက်ရွေးကောက်ပွဲဖြစ်သလို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ ယခု အစိုးရသစ် လက် ထက်တွင် ပထမဆုံးအကြိမ် ပါဝင် ရွေးချယ်ခံခွင့်ရရှိသော ရွေးကောက် ပွဲလည်း ဖြစ်သည်။

ကော့မှူးမြို့နယ်မှာအရွေးခံမည်
NLD ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်က ကြားဖြတ်ရွေး ကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ ဝင်ရောက် အရွေးချယ်ခံမည်ဖြစ် ကြောင်း ကြေညာပြီး နောက်ပိုင်း ကော့မှူးမြို့နယ်ထဲက ဝါးသင်္ခရွာ ကလေးတွင် ၄င်း၏အမည်ကို သန်းခေါင်စာရင်း ထည့်သွင်းခဲ့ သည်။ ဤသည်မှာ ဒေါ်အောင် ဆန်းစုကြည်အတွက် မိသားစု အသစ်လေး တစ်ခု ဖန်တီးလိုက်သ လိုဖြစ်ပြီး ဘဝတွင် အမှတ်တရ မိသားစုလည်း ဖြစ်ပါလိမ့်မည်။

ဒီမိုကရေစီ ဆိုတာကိုး
ဤတွင် ဒေါ်အောင်ဆန်းစုကြည် သည် လွှတ်တော်အမတ် အရည်အချင်းနှင့် ကိုက်ညီသူ မဟုတ်ပါကြောင်း ကန့်ကွက်သူ ပေါ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အဖို့ ဤကဲ့သို့ ကန့်ကွက်မှုမျိုးကို ၁၉၉ဝ ပြည့်နှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် လည်း လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း မပြည့်မီဟုဆိုကာ ပယ်ချခံခဲ့ရဖူးရာ ယခုအကြိမ်မှာ ဒုတိယမြောက် ကန့်ကွက်ခံရခြင်း လည်း ဖြစ်သည်။ ထိုအချိန်က စာရေးသူတို့ အသက်မှာ ၂၇-၂၈ နှစ်မျှသာ ရှိသေးရာ သူ့လိုလူမျိုးကို ကန့်ကွက် ရကောင်း လားဟု ထိုကန့်ကွက်သူ အပေါ် လွန်စွာမုန်းတီးခဲ့မိသည်။ ယခုတစ်ကြိမ်တွင်လည်း ကန့် ကွက်သူကပေါ်လာပြန်သည်။ တစ်တိုင်းတစ်ပြည်လုံး၊ တစ်ကမ္ဘာလုံး က သောင်း သာင်းဖျဖျ အုတ်အုတ် ကျက်ကျက် ထောက်ခံတိုက်တွန်း နေပါလျက် ဘာကြောင့်ကန့်ကွက် ရပါသလဲဟု စာရေးသူတို့ ငယ်ဘဝ ကလိုပင် ယခုလူငယ်များကတော့ စိတ်ထင့်စိတ်ကွက်ကြမည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့သော်လည်း စာရေးသူတို့လို ၅ဝ တန်း ရောက်လာသော အခါတွင်တော့ အော်-ဒီမိုကရေစီဆိုတာ ဒီလိုပဲကိုးဟု နားလည် လက်ခံလာကြမည် ထင်ပါ သည်။ (ယခု တစ်ကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း အဖြစ် တရားဝင် အရွေးခံပိုင်ခွင့် ရှိကြောင်း ကြေညာပြီး ဖြစ်၍ မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခွင့် ရရှိပြီဖြစ်သည်။) သို့သော် အကြောင်းတိုက်ဆိုင် လာသဖြင့် ပြည်သူ ချစ်သောဗိုလ်ချုပ် အောင်ဆန်းတို့ခေတ်နှင့် ယနေ့ စာရေးသူတို့ ဖြတ်သန်းနေရသော ၂၁ ရာစုခေတ်တို့ ကွာဟပုံလေး တစ်ခုတော့ တင်ပြလိုပါသေးသည်။

လမ်းမတော်က လွှတ်တော်အမတ်
ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန် မြို့ လမ်းမတော်မှ အရွေးခံမည့် အကြောင်းကို ၁၉၄၇ ခုနှစ် မတ်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဤသို့ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်မြို့ လမ်းမတော်မှ အရွေးခံမည်
မတ်လ ၃ ရက်နေ့တွင် ဖဆပလဌာနချုပ်အလုပ် အမှုဆောင်က လာမည့်ရွေးကောက်ပွဲအတွက် နယ်အသီးသီးမှ တင်ပို့သော စာရင်းများမှ အမတ်လောင်းများကို ရွေးချယ် မည့် နေ့ဖြစ်ရာ၊ နယ်အသီးသီးမှ အချို့ ကိုယ်စားလှယ်များနှင့် သတင်းစာ ဆရာများက ဖဆပလအဖွဲ့ဌာနချုပ် တွင် အထူးများပြားနေကြောင်း။ ဖဆပလအဖွဲ့ချုပ်မှ ရွေး ချယ်လိုက်သောအမတ်လောင်းများမှာ အောက် ပါအတိုင်း ဖြစ်ကြောင်း။ ရန်ကုန်မြို့အတွက် အရွေးခံရန် ရွေးချယ်လိုက်သော ပုဂ္ဂိုလ်များမှာ အောက်ပါ အတိုင်း ဖြစ်ကြောင်း။

ရန်ကုန်မြို့မှ ကြည့်မြင်တိုင်
(၁)ဦးဘချို (ဖဆပလအဖွဲ့ချုပ် အမှုဆောင်)၊ (၂)ဗိုလ်မင်းခေါင် (ပြည်သူ့ရဲဘော်တပ်ဖွဲ့ ဌာနချုပ်)

ရန်ကုန်မြို့မှ လမ်းမတော်
(၁)ဗိုလ်ချုပ်အောင်ဆန်း(ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ)၊ (၂)ဒေါ်စောရွှေ (မြန်မာမူဆလင်အဖွဲ့ချုပ်အမှုဆောင်)

ရန်ကုန်မြို့မှ ဗိုလ်တထောင်
(၁)ဒေါ်ခင်လှ(မြန်မာပြည်လွတ် လပ်ရေးအမျိုးသမီးအစည်းအရုံးဌာန ချုပ်ဥက္ကဋ္ဌ)၊ (၂)သခင်လှကျွေ (အ လုပ်သမားအစည်းအရုံးများ အဖွဲ့ ချုပ်၊ အထွေထွေအတွင်းရေးမှူး)
ရန်ကုန်မြို့မှ သိမ်ဖြူ
(၁)ဦးဘဘေ(ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်)၊ (၂)သခင်လွန်း ဘော်(ရန်ကုန်ခရိုင် ဖဆပလဥက္ကဋ္ဌ) ဟူ၍ ဖော်ပြပါရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်အနောက်ပိုင်းမှ အရွေးခံမည် ဖြစ်ရာ ဗိုလ်ချုပ်နှင့်အတူ ဖဆပလမှ ရွေးချယ်သော မြန်မာမူဆလင်အမျိုး သမီးဖြစ်သူ ဒေါ်စောရွှေလည်း အရွေးခံရန်ဆုံးဖြတ်ထားရာ အထက်တန်းရှေ့ နေဦးဘဇံဆိုသူက ဗိုလ်ချုပ်အောင် ဆန်းကို ခြွင်းချက်မရှိ ထောက်ခံပြီး ဒေါ်စောရွှေနှင့် ယှဉ်ပြိုင်အရွေးခံရန်၊ ရန်ကုန်ကော် လက်တာရုံးသို့လျှောက် လွှာတင်သွင်းပြီးကြောင်းကိုလည်း မတ်လ ၉ ရက်နေ့ထုတ် မြန်မာ့ အလင်းတွင် ဖော်ပြခဲ့ပြန်သည်။(ထို အချိန်က ရွေးကောက်ပွဲ ကော်မရှင် ကို ကော်လက်တာရုံးဟု ခေါ်ပါ သည်။) သမီးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်နှင့် ယှဉ်ပြိုင်အရွေးခံမည့်သူ၊ ကန့်ကွက်သူများရှိသော်လည်း ဗိုလ်ချုပ် အောင်ဆန်းကိုမူ မည်သူက မျှ ယှဉ်ပြိုင်အရွေးမခံခဲ့ကြကြောင်း၊ ဗမာမပြောနှင့် တရုတ်၊ ကုလားတို့ ကပင် ယှဉ်မရွေးခဲ့ကြောင်းကိုလည်း မတ်လ ၁၆ ရက်နေ့ထုတ် မြန်မာ့ အလင်းတွင် ယခုလို ဖော်ပြခဲ့ပြန် ပါသည်။

ဗိုလ်ချုပ်နှင့်မပြိုင်လို၊ တရုတ် ဘုံလူကြီး များက တားမြစ်ထားသည် ဆိုခြင်း
တိုင်းပြုပြည်ပြု လွှတ်တော် အတွက် လမ်းမတော် ရပ်ကွက်မှ ဗိုလ်ချုပ်အောင်ဆန်း အရွေးခံရန် ဖဆပလအဖွဲ့ချုပ်က ရွေးချယ်ထား ရာ ဗိုလ်ချုပ်နှင့်ပြိုင်၍ အရွေးခံရန် ဦးမျိုးရှူးအား အချို့က အကြံဥာဏ် ပေးသော်လည်းဦးမျိုးရှူးတွင် ဗိုလ်ချုပ် နှင့် ပြိုင်လိုစိတ်မရှိဟု သိရကြောင်း။ ထိုမျှသာမက တရုတ်-မြန်မာ ချစ် ကြည်ရေးကို လေးစား သောအားဖြင့် လည်းကောင်း၊ ဗိုလ်ချုပ်၏ ဖြောင့် မတ်ခြင်း၊ သဘောထားကြီးခြင်း၊ အရည်အချင်းနှင့် ပြည့်စုံခြင်းစသော အချက်များကို လေးစားသော အားဖြင့် လည်း ကောင်း၊ ဗိုလ်ချုပ်နှင့် မည်သည့် တရုတ်လူမျိုးကမှတုပြိုင် အရွေးခံခြင်းမပြုရန် တရုတ်ဘုံ လူကြီးများက တားမြစ်ထားသည် ဟု သိရကြောင်း”ဟု ဖော်ပြခဲ့ ပါသည်။
၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့ က ပြုလုပ်ခဲ့သော တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် ဖဆပလကိုယ် စားလှယ်အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း သည် ပြိုင်ဘက်မရှိ အမတ်ဖြစ်သွား ပြီဖြစ်ကြောင်း ဧပြီလ ၁၃ ရက်နေ့ ထုတ် မြန်မာ့အလင်းတွင် ဖော်ပြခဲ့ပါ သည်။ ဗိုလ်ချုပ် ဦးဆောင်သော ဖဆပလ အဖွဲ့ချုပ်သည် မြန်မာတစ် နိုင်ငံလုံးအတွက် လွှတ်တော်အမတ် နေရာ ၂၅၅ နေရာအနက် ၂၄၃ နေရာရရှိကာ ၉၅ ဒသမ ၃ ရာခိုင် နှုန်းဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ သည်။ ဗိုလ်ချုပ်က တိုင်းရင်းသားစည်း လုံးညီညွတ်ရေးကို မည်မျှအလေး ထားပါသလဲဆိုလျှင်သူခေါင်းဆောင် သော ဖဆပလအစိုးရဖွဲ့မည်ဆို လျှင် ကရင်လူမျိုးဖြစ်သူ မန်းဘခိုင် အား ဒုတိယဝန်ကြီးချုပ် အဖြစ်ခန့် ထားမည်ဖြစ်ကြောင်း ဦးနုအား ပြောပြထားသည်ဟု ဆိုပါသည်။ အစိုးရအဖွဲ့တွင် ကရင်များသာမက အခြား ရခိုင်ကဲ့သို့သော တိုင်းရင်း သားများ ပါဝင်ဖွဲ့စည်းခဲ့သည်ကို လည်းတွေ့နိုင်မည် ဖြစ်ပါသည်။

ဖခင်သွေးမို့ ရွေးတယ်ထင်
၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့ ကဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ရွေးကောက်ပွဲဝင်ခဲ့ပြီးနောက် ၆၅ နှစ်အကြာ ၂ဝ၁၂ ခုနှစ်ဧပြီလ ၁ရက် နေ့တွင် ဖခင်ဗိုလ်ချုပ် အောင်ဆန်း နည်းတူပင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ကော့မှူးမဲဆန္ဒနယ်ကို ရွေးချယ်ခဲ့ခြင်းမှာ ကရင်များနှင့် ချစ်ကြည် ရင်းနှီးလိုသေး၍ ဖြစ် ကြောင်း၊ မိသားစု သန်းခေါင်စာရင်း သွင်းရန် ရွေးချယ်ရာမှာပင် ကရင် အများဆုံးနေထိုင်ရာ ရွာကလေး ဖြစ်သည့် ဝါးသင်္ခရွာကို ရွေးချယ်ခဲ့ သည်မှာလည်း ဖခင်သွေးမို့ဟုပင် ဆိုရမည် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သည် ယခုကျင်းပတော့မည့် ကြား ဖြတ်ရွေးကောက်ပွဲတွင် အခြားပါတီ ပေါင်း ၁၆ ပါတီနှင့် နေရာ ၄၈ နေရာတွင် ယှဉ်ပြိုင်အရွေးခံရမည် ဖြစ်ပြီး ယှဉ်ပြိုင်အရွေးခံမည့်အမတ် ၁၅ဝ ကျော်ဖြစ်ရာ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သော ဖဆပလအဖွဲ့ချုပ်လို ရွေးကောက် ပွဲတွင် ၉၅ ရာခိုင်နှုန်းကျော်ဖြင့် အနိုင် ရမရဆိုသည်ကိုတော့ စောင့်ကြည့်ရ မည် ဖြစ်ပါသည်။
သိန်းအေး

ရည်ညွှန်း-
(၁)ပြည်သူချစ်သောဗိုလ်ချုပ်အောင်ဆန်း
(မေမြို့ချစ်ဆွေ)(မျိုးဆက်သစ်စာပေ)
(၂)မြန်မာ့ရက်စဉ်သမိုင်း(ဒုတိယတွဲ)
(၃)အောင်ဆန်းဇာနည်(သိန်းအေး)
(၄)အပတ်စဉ်ထုတ်ဂျာနယ်များ
(၁)ပြည်သူချစ်သောဗိုလ်ချုပ်အောင်ဆန်း
(မေမြို့ချစ်ဆွေ)(မျိုးဆက်သစ်စာပေ)
(၂)မြန်မာ့ရက်စဉ်သမိုင်း(ဒုတိယတွဲ)
(၃)အောင်ဆန်းဇာနည်(သိန်းအေး)
(၄)အပတ်စဉ်ထုတ်ဂျာနယ်များ

0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်