ထက်နိုင်ဇော်
ရန်ကုန်၊ မတ် ၅
တစ်နိုင်ငံလုံးအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ဦးရေကို ယခင်သတ်မှတ်ချက် တစ်နှစ် ၂၄၀ဝ ဦးရေမှ ၁၂၀ဝ ဦးရေသို့ ထက်ဝက်လျှော့ချပြီး ပညာသင်နှစ်ကို တစ်နှစ် ထပ်မံတိုးမြှင့်မည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာနမှ စုံစမ်းသိရသည်။
''အဓိကတော့ ဆေးဝါးတွေနဲ့ ထိတွေ့မှုပိုများအောင် လုပ်ပေးချင်တာ။ သဘောပေါက်နားလည်ဖို့ အချိန်နည်းတဲ့အတွက်ရယ်၊ ဆေးပညာကို လေ့လာသင်ယူချင်စိတ် နည်းပါးလာတဲ့အတွက် အခုလို စီစဉ်ရတာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ သင်တန်းကာလကို အလုပ်သင်ဆရာဝန် သင်တန်းကာလ တစ်နှစ်အပါအဝင်ဖြစ်သော ခြောက်နှစ်မှ ယခုအခါခုနစ်နှစ်သို့ ထပ်မံတိုးမြှင့်လိုက်သည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ယခင်က ဆေးတက္ကသိုလ်သို့ ဝင်ရောက်ရာတွင် အမျိုးသား ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းအတူတူသတ်မှတ်ကာ တက္ကသိုလ်ဝင်ခွင့် ရမှတ်ကွာဟချက်ကိုလည်း လျှော့ချပေးမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ စုံစမ်းသိရသည်။ ''အရေအတွက်ထက် အရည်အချင်းကို ပြန်သွားတာကောင်းတယ်။ အရင်က ပညာတတ်တာ ရာခိုင်နှုန်းအရပဲ တိုးနေတာ။ အခုလို စနစ်တကျစိစစ်ပြီး ပိုကောင်းအောင် လုပ်နိုင်ရင်ကြိုဆိုရမှာပါ''ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
တက္ကသိုလ်ဝင်ခွင့် အမှတ်များကို တက္ကသိုလ်ရွေးချယ်ရေးအဖွဲ့မှ စိစစ်ကာ ဆေးတက္ကသိုလ်များအတွက် ဆေးသိပ္ပံပညာ ဦးစီးဌာနက အမှတ်များခွဲခြားသတ်မှတ်ခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် လေးခုရှိရာ ရန်ကုန်တွင် နှစ်ခု၊ မန္တလေးနှင့် မကွေးမြို့တို့တွင် တစ်ခုစီဖွင့်လှစ်ထားရှိသည်။
Venus News Weekly












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်