နေပြည်တော်၊ မတ် ၁၂ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတ်လ ၁၂ ရက်က နေပြည်တော် လွှတ်တော် အဆောက်အအုံတွင်းရှိ ပြည်သူ့လွှတ်တော် တွင်းသို့ ပထမဆုံး အကြိမ်မိနစ် ၅ဝ ခန့် ဝင်ရောက် လေ့လာခဲ့ကြောင်း သတင်းရရှိသည်။ ယင်းသို့ ဝင်ရောက် လေ့လာမှု မပြုမီ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် နံနက် ၈ နာရီ ၄၅ မိနစ်မှ ၉ နာရီ ၂၅ မိနစ်အထိ တွေ့ဆုံ ဆွေးနွေးကာ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် နံနက် ၉ နာရီခွဲမှ ၁ဝ နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ပေါ်ပြူ လာနယူးစ်ဂျာနယ်မှ လွှတ်တော် တွင်း တွေ့ဆုံမေးမြန်းရာတွင် ”နိုင်ငံတော်ကောင်းကျိုးအတွက် ဆွေးနွေးကြတာဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားပြီး အသေးစိတ် အချက်အလက်များကို ယခုလ ၃၁ ရက်နေ့၌ NLD ရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ် ဖြေကြားသွားမည်ဟု ဆိုသည်။ ”ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကြီးက ဒီမိုကရေစီလမ်းကြောင်းကို သွားမယ့် ပုဂ္ဂိုလ်တွေထဲမှာ ကျန်တဲ့ သူတွေထက်ပိုပြီးရှေ့ရောက်နေတယ်။ အဲဒီလို အနေအထားမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ လွှတ်တော်ထဲကိုလာပြီး လေ့လာတယ် ဆိုတာက လာသင့်တဲ့အရပ်ကို လာကြည့်တာဖြစ်တယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ထဲကိုရောက်လာရင် လွှတ်တော်တွင်းက ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်နေမှုက ဒီ့ထက်ပိုပြီး မြန်ဆန်လာမှာဖြစ် ပါတယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဒီချုပ်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်တွင်းသို့ ဝင်ရောက် လေ့လာခဲ့မှုအပေါ် သုံးသပ်ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်လွှတ်တော် အဆောက် အအုံတွင်းသို့ ယခု တစ်ကြိမ်လာ ရောက်မှုမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်း အတွင်းကလည်း လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများ နှင့် လာရောက်တွေ့ဆုံခဲ့ဖူးသည်။ ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေးအား အလေးထားဖော်ဆောင် နေသည့် လွှတ်တော်နှစ်ရပ်သို့ ယခု လိုလာရောက် လေ့လာလိုက်သည့် အတွက် သံသယမျက်လုံးများဖြင့် လွှတ်တော်၏ လုပ်ဆောင်ချက် များကို စောင့်ကြည့်လေ့လာနေ သည့် ပြည်တွင်းပြည်ပမှ နိုင်ငံရေး သမားများ၏ အမြင်များမှာ အကောင်းဘက် သို့ ပိုမိုရောက်ရှိလာ နိုင်သလို နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုများလည်း ယခုထက် ပိုမို ပြေလျော့လာနိုင်ဖွယ်ရှိကြောင်း ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်များအပေါ် အစဉ် တစိုက် လေ့လာစောင့်ကြည့် နေခဲ့သည့် ဝါရင့်နိုင်ငံရေး သမားဟောင်း တစ်ဦးက သုံးသပ်သည်။ ”နိုင်ငံတကာက မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံ့အဓိကနိုင်ငံရေး ခေါင်းဆောင် တွေကို စောင့်ကြည့်လေ့လာ နေကြတာကို ကျွန်တော်တို့အားလုံး အသိပါ။ အခု လွှတ်တော် ဆွေးနွေးပွဲမှာ တိုက်ရိုက် နားထောင်ခွင့်ရတဲ့ အတွက်ကြောင်လည်း နိုင်ငံ တကာ ရဲ့ ဆက်ဆံမှု ပြောင်းလဲလာပါလိမ့်မယ်။ အဓိကအားဖြင့် ပြည်တွင်း လေ့လာစောင့်ကြည့်သူတွေ သိတဲ့ အတိုင်း စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်လင်းလာလိမ့် မယ်လို့ ယူဆပါတယ်။ နိုင်ငံရဲ့ အဓိကအရေးတွေ ထဲမှာ နိုင်ငံတကာ နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးဟာလည်း ထိပ်ဆုံးမှာ ရပ်တည်နေတော့ အခု ကိစ္စကြောင့် နိုင်ငံတကာနဲ့ မြန်မာရဲ့ ဆက်နွှယ်နေမယ့် စီးပွားရေးဂယက် အကောင်းဘက် လှုပ်ရှားသွားမှာတော့ အသေအချာပဲလေ” ဟုကုန်သည်/ စက်မှုအသင်းချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ ဧည့်ဝတ်ကျေပွန်စွာဖြင့် လေးလေးစားစား လက်ခံတွေ့ဆုံ သည့်သတင်းမှာ ဝမ်းသာကြိုဆိုဖွယ် မင်္ဂလာသတင်းတစ်ခုဖြစ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ၊ သတင်းစာဆရာကြီး မောင်ဝံသက ပေါ်ပြူလာနယူးစ် ဂျာနယ်၏ အမေးကိုပြန် လည်ဖြေ ကြားခဲ့သည်။ ဆက်လက်၍သူက ”ဒေါ်အောင် ဆန်းစုကြည်က ပြည်သူ့လွှတ်တော် အတွက် ဝင်အရွေးခံသူဖြစ်လို့ ပြည်သူ့ လွှတ်တော်အစည်းအဝေးကို ရွေးချယ် လေ့လာတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ တွေဟာ ပေါင်းစည်းခြင်း၊ သွေးစည်း ညီညွတ်ခြင်း သဘောတွေကို ဆောင်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ဒီလိုသတင်းမျိုးတွေကို ကြိုဆိုပါ တယ်” ဟု ထပ်လောင်းပြောကြားသည်။
စွမ်းရဲထွဋ်၊စံကျော်












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်