ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာလေဆိပ်ကို တွေ့ရစဉ်
All Nippon Airways (ANA) Co.,Ltd မှ Senior Executive Vice President, Mr. Hayao HORA ဦး ဆောင်သောအဖွဲ့ဝင်ရှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနသို့ ၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က လာရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုသော ဂျပန်ခရီးသွားများသည် လက်ရှိတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တစ်ဆင့် လာရောက်ကြရပြီး အချိန် ၁၅ နာရီခန့်ပေးရကြောင်း၊ ယခုစီစဉ်သည့်ခရီးစဉ်မှာ တိုက်ရိုက်ခရီးစဉ်ဖြစ်သဖြင့် အချိန်ခြောက်နာရီခန့်သာ ကြာမြင့်မည်ဖြစ်၍ အချိန် ကိုးနာရီခန့် သက်သာမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အာဆီယံ-ဂျပန်စင်တာ၏အကူအညီဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးမှုများ၊ ဈေးကွက် မြှင့်တင်မှု အစီအစဉ်များ ဆောင်ရွက်နေကြောင်း၊ တိုကျိုမြို့ရှိ နာရီတာ လေဆိပ်မှ ရန်ကုန်သို့တိုက်ရိုက် လေကြောင်းပျံသန်းခြင်းဖြင့် ဂျပန်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်နိုင်မည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြန်လည်ဆွေးနွေးခဲ့သည် ဟု သိရှိရသည်။
All Nippon Airways သည် ၁၉၉၆ ခုနှစ် ဇူလိုင်လမှ ၂၀၀၀ ပြည့်နှစ် မတ်လအထိ ဂျပန်နိုင်ငံ အိုဆာကာနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်ပျံသန်း ပြေးဆွဲခဲ့သည်။
“တိုက်ရိုက်လေကြောင်းခရီး စဉ်ရှိလာခြင်းက အလွန်ကောင်းတာပေါ့။ အခုဆိုဗီဇာကလည်း ဖြေလျှော့ လိုက်ပြီ။ ဂျပန်က အခုစီးပွားရေးပိုင်း ပူးပေါင်းဆောင်ရွက်ဖို့ လာတာများတယ်။ ခရီးသွားလည်း ၀င်ပါတယ်။ ဒီလိုတိုက်ရိုက်လေကြောင်း ရှိလာတာက အလည်အပတ်ခရီးသွားရော စီးပွားရေးအရလာတဲ့ ခရီးသွားတွေကို ပါ အကျိုးသက်ရောက်မှု ရှိစေပါတယ်” ဟု ဂျပန်ခရီးသွားများနှင့် ဆက်စပ်လျက်လုပ်ငန်း ဆောင်ရွက်နေသည့် ခရီးသွားလုပ်ငန်းရှင် ဦးအောင်ဒင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းသည် ၁၉၉၆ ခုနှစ်က အတိုးတက်ဆုံး အနေအထားကို ကြုံတွေ့ခဲ့ရပြီး ယင်းနောက်ပိုင်း၌ လုပ်ငန်းပိုင်းဆိုင်ရာ အတက်အကျများမှုကို ကြုံတွေ့ခဲ့ရကြောင်း၊ ၂၀၁၁ ခုနှစ်မှ စတင် ကာ ခရီးသွားလုပ်ငန်း တိုးတက်လာသည့်အတွက် ယခုနှစ်အတွင်း ဟို တယ်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ လေကြောင်းလိုင်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နိုင်ငံတကာမှ စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်